လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

 

လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ်  ၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်    လယ်ဝေးမြို့နယ် အေလာအုပ်စု   ရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း   အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံ ဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ပေးဝေမှုကို   သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လျှပ်စစ်ရေတင်စက်အား စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေပြီး ယာယီရေထိန်းဆည် တည်ဆောက်ထားမှု အခြေအနေနှင့် ယာယီရေထိန်းဆည်မှ စိုက်ပျိုးရေးအတွက် ရေပေးဝေမှုအခြေအနေကို    လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွာသစ်ကျေးရွာ အောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီတော် ဓမ္မာရုံ၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဆီထွက်သီးနှံများ     ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကို စနစ်တကျပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာ အသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရန်၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် သီးထပ် စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးကြရန် ဆွေးနွေးမှာကြား၍ တောင်သူများ၏ လိုအပ်ချက်များကို    သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင် များသည်     ဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူများကို ဆင်းရတနာ-၃ နှမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက်   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အခြေခံပညာအထက် တန်းကျောင်း အေလာ စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင် ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ   ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်    လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာအုပ်စု   ကံသာကျေးရွာရှိ  ဆုစံမြန်မာအားဖြည့်သဘာဝအော်ဂဲနစ်မြေသြဇာ ကုန်ထုတ်သမဝါယမ အသင်းသို့ သွားရောက်၍ သဘာဝမြေသြဇာထုတ်လုပ်နေမှု အခြေအနေများနှင့်  GAP စနစ်ဖြင့် သရက်စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးကာ တောင်သူများ၏ လိုအပ်ချက်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု သရက်ခုံကျေးရွာ ချောင်းမငယ် ဆည်ရေသောက် ကွင်းအမှတ်(၁၈၂၃)၌ နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြားကာ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး  ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများကို ဆင်းရတနာ-၃ နှမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။