ဆီးအိတ်ရောင်ရမ်းခြင်း
ဆီးအိတ်ရောင်တာက ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ ဆီးမကြာခဏသွားတာ၊ နာကျင်တာတွေဖြစ်တတ်ပါတယ်။
ဆီးအိတ်ရောင်ရမ်းတာနဲ့ပတ်သက်လို့ ဖော်ပြပေးလိုက်ပါတယ်။
A က ပဋိဇီဝဆေး(Antibiotics) ဖြစ်တယ်။ ဗက်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ရမ်းတာဖြစ်တယ်။ အဲဒီဗက်တီးရီးယား ပိုးတွေသတ်ဖို့ အကောင်းဆုံးနဲ့အမြန်ဆုံးက ပဋိဇီဝဆေးပဲ ဖြစ်ပါတယ်။ ရောဂါပိုး သိပ်မပြင်းထန်တဲ့ ဝေဒနာရှင်တွေမှာ အမြဲကောင်းနေသလို ဖြစ်ပေမယ့် ပြင်းထန်တဲ့လက္ခဏာကို ကုသဖို့အတွက်ကတော့ ပဋိဇီဝဆေးက အကောင်းဆုံးဖြစ်ပါတယ်။
B က ဝမ်းသွားတဲ့အလေ့အထ (Bowel Habits)ဖြစ်တယ်။ ဝမ်းချုပ်တာက ဆီးရောဂါပိုးဖြစ်စေတဲ့ အကြောင်းတစ်ချက်ဖြစ်တယ်။ ဝမ်းချုပ်တဲ့နေရာတစ်ဝိုက်ရှိ ဗက်တီးရီးယား ပိုးအရေအတွက်ကို တိုးပွားစေနိုင်ပြီး ဆီးပုံမှန်လုပ်ငန်းဆောင်တာကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။
ဝမ်းချုပ်တာမဖြစ်ရအောင် အမျှင်ဓာတ်များတဲ့ အစားအစာများများစားပြီး နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်ကနေတစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။
C က နောက်ဆက်တွဲဆိုးကျိုး (Complication)ဖြစ်တယ်။ ဆီးရောဂါပိုးတွေကို မကုသဘဲထားရင် ပိုးတွေပွားများလာပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ကလေးနဲ့ ကိုယ်ခံအားနည်းနေသူတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြေပိုများတတ်ပါတယ်။
D က စားသောက်မှုပုံစံ (Diet)ဖြစ်တယ်။ လေ့လာမှုတွေအရ ခရင်မ်ဘယ်ရီသီးဖျော်ရည် သောက်သုံးသူ အမျိုးသမီးတွေက နောက် ၁၂ လအတွင်း ဆီးအိတ်ရောင်ရမ်းမှုဖြစ်နိုင်ခြေလျော့နည်းတာကို တွေ့ရတယ်။ ခရင်မ်ဘယ်ရီသီး ဖျော်ရည်က ဆီးအိတ်ထဲပိုးဝင်ရောက်မှုကို ကာကွယ်နိုင်တာ လေ့လာတွေ့ရှိရပေမယ့် ဝင်ရောက်ပြီးရင်တော့ ကုသနိုင်ကြောင်း မတွေ့ရှိသေးပါဘူး။
E က ဓာတ်သတ္တု(Electrolytes)ဖြစ်တယ်။ အက်စစ်ပါဝင်မှုများတဲ့ အဆီစားသုံးတာ၊ သစ်သီးဖျော်ရည် သောက်သုံးတာက ဆီးအတွင်းရှိအက်စစ်ပါဝင်မှုကို လျော့နည်းစေပါတယ်။
F က ရောဂါရှာဖွေခြင်း(Finding out)ဖြစ်တယ်။ ကိုယ့်မှာ ဗက်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ရမ်းမှုရောဂါ ရှိ၊ မရှိကို ဆရာဝန်က ဆီးဓာတ်ခွဲစစ်ဆေးတာ ပြုလုပ်ပေးပါတယ်။ ကိုယ့်ရဲ့ဆီးကိုခံထားဖို့လိုပါတယ်။ ဆီးစသွားတာနဲ့ဆီးကုန်ခါနီးမှာ ခံရတာမဟုတ်ဘဲ ဆီးသွားနေစဉ် ဆီးခံပေးဖို့ လိုအပ်ပါတယ်။
H က ဟော်မုန်းတွေ (Hormones)ဖြစ်တယ်။ မီးယပ်သွေးဆုံးတာနဲ့ဆက်စပ်နေတဲ့ မဟော်မုန်း အီစတြိုဂျင်လျော့နည်းတာက ယောနိရဲ့ ဆီးလမ်းကြောင်းပတ်လည်ရှိ တစ်သျှူးကိုပါးစေတယ်။ ဒါကြောင့် ရောဂါပိုးတွေပိုမိုဝင်ရောက်လာရင် ဟော်မုန်းဖြည့်စွက်ပေးတဲ့ကုထုံး (Hormone Replcement Therapy-HRT) ကို ယောနိထဲထည့်တဲ့လိမ်းဆေးပုံစံနဲ့ အသုံးပြုသင့်ပါတယ်။
I က ကိုယ်ခံအား(Immunity)ကို ဆိုလိုပါတယ်။ ရောဂါပိုးတွေကသကြားကြိုက်တဲ့အတွက် သကြားနည်းတဲ့ အစားအစာတွေစားသုံးပေးပြီး သွေးတွင်းသကြားပမာဏကို များမလာစေဘဲ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။ ကဖင်းဓာတ်က ဆီးရွှင်စေပြီး ကိုယ်ခံအားကောင်းဖို့ အရေးပါတဲ့ဇင့်နဲ့ မဂ္ဂနီစီယမ်ဓာတ် စတဲ့အာဟာရတွေကိုဆုံးရှုံးစေတဲ့ အတွက် ကဖင်းဓာတ်ပါတဲ့ကော်ဖီသောက်သုံးတာ ရှောင်သင့်ပါတယ်။
K က ရေများများသောက်တာ (Keep Hydrated)ဖြစ်တယ်။ ရေများများသောက်ပေးတာက ဗက်တီးရီးယားကပိုးတွေကို ရောနှောပြီး အားလျော့စေကာ သန့်စင်စေပါတယ်။ ရောဂါပိုးအနည်းငယ်သာရှိတဲ့ တချို့ဝေဒနာရှင် အမျိုးသမီးတွေအနေနဲ့ ရေများများသောက်ပေးဖို့ လိုတာတွေ့ရပါတယ်။ ရေဓာတ်ခန်းခြောက်ရင် ပိုဆိုးနိုင်တဲ့အတွက် ရေဓာတ်ခန်းခြောက်စေတဲ့ ကဖင်းဓာတ်နဲ့အရက်တို့ကို ရှောင်သင့်ပါတယ်။
L က ရှေ့ရေးမျှော်မှန်းတာ (Look ahead)ဖြစ်တယ်။ ကိုယ့်မှာဗက်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ရမ်းတာ မကြာခဏဖြစ်နေရင် ဆရာဝန်ထံမှာ ကိုယ်တိုင်သောက်လို့ရတဲ့ ပဋိဇီဝဆေး(Antibiotics) တောင်းသင့်ပါတယ်။ ဒါမှ ရောဂါလက္ခဏာ ပေါ်တဲ့အခါ အဆင့်ဆင့်စသောက်နိုင်ပြီး ရောဂါသက်သာလာနိုင်ပါတယ်။ ပဋိဇီဝဆေးကို ရောဂါဖြစ်ခါစမှာ စောစောသောက်ရင် သုံးရက်လောက်သာသောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ လက္ခဏာတွေသက်သာပြီး အနည်းဆုံး၂၄ နာရီကြာတဲ့အထိ ပဋိဇီဝဆေးတွေကို ဆက်ပြီးသောက်သုံးတာက တော့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
M က ကုသမှု(Medical Treatment)ဖြစ်တယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတိုင်း ဆေးခန်းသွား ပြစရာမလိုပါဘူး။ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေက မပြင်းထန်သေးရင် ရေကိုများများ သောက်ပေးတာက ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေက နာရီအနည်းငယ်အတွင်းသက်သာမလာခဲ့ရင် ဒါမှမဟုတ် ပိုဆိုးလာရင် ပဋိဇီဝဆေးသုံးပြီး ကုသဖို့အရေးကြီးပါတယ်။ ပဋိဇီဝဆေးတွေ စသုံးပြီးပြီးချင်း ခဏကြာလို့ ရောဂါမသက်သာရင် ဆေးခန်းသွားပြသင့်ပါတယ်။
O က ကြက်သွန်နီ(Onion) ဖြစ်တယ်။ ကိုယ့်မှာ ဆီးအိတ်ရောင်ရမ်းနေရင် ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကလည်း ကောင်းသင့်သလောက်မကောင်းဘဲဖြစ်နေပါလိမ့်မယ်။ ကြက်သွန်နီစားပေးသင့်တယ်။ ကြက်သွန်နီက ကိုယ်ခံအားစနစ် ကောင်းစေတဲ့အမျှင်ဓာတ် (Flavonoid)တွေကြွယ်ဝတဲ့ အစာတစ်မျိုးဖြစ်တယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ တခြားအစားအစာတွေက ပန်းသီး၊ ချယ်ရီသီးနဲ့လက်ဖက်စိမ်းတို့ပဲဖြစ်ပါတယ်။
P က တစ်ကိုယ်ရေသန့်ရှင်းမှု (Personal Hygiene) ဖြစ်တယ်။ ဆီးလမ်းကြောင်းထဲပိုးမဝင်စေဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။
R က ရောဂါပိုးပြန်ဝင်ရောက်တာ (Recurrent Infection)ဖြစ်တယ်။ တချို့အမျိုးသမီးတွေမှာ ရောဂါပိုးဝင်ရောက်မှု တစ်ခါသာဖြစ်နိုင်ပေမယ့် တချို့မှာတော့ မကြာခဏပြန်ပြီး ဝင်တတ်ပါတယ်။ ကိစ္စရပ်အများစုမှာ အကြောင်းရင်းရှာမတွေ့ပေမယ့် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
T က အိမ်သာအလေ့အထ(Toilet Habit)ဖြစ်တယ်။ ဗက်တီးရီးယားတွေ ယောနိနဲ့ ဆီးလမ်းကြောင်းအတွင်း ဝင်ရောက်နိုင်တဲ့အတွက် ဆီးအိတ်ရောဂါပိုးမဖြစ်အောင် သန့်စင်သင့်ပါတယ်။
U က ဆီး(Urine)ဖြစ်တယ်။ ဆီးသွားချင်တဲ့အခါ အောင့်မထားဖို့ အရေးကြီးပါတယ်။ အောင့်ထားရင် ဆီးသွားရာမှာ ဆီးအိတ်ထဲဆီးကျန်နေစေပြီး ရောဂါပိုးဝင်ရောက်ဖို့ အခွင့်အရေးပိုများစေတယ်။
အနည်ပါတဲ့ဆီး သို့မဟုတ် အနီရောင်သန်းတဲ့ဆီးတွေက ရောဂါပိုးရှိနေတာကြောင့် ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
W က အမျိုးသမီး(Women)ဖြစ်ကာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုးဝင်မှု ပိုဖြစ်နိုင်တယ်။
Y က ယောဂ (Yoga)ဖြစ်တယ်။ တရားထိုင်တာ၊ ယောဂကျင့်တာအကျိုးရှိတယ်။ ကိုယ်ခံအားကောင်းပြီး စိတ်ဖိစီးမှုလျော့စေတယ်။
Z က ဇင့်ဓာတ်(Zinc)ဖြစ်တယ်။ ကိုယ်ခံအားကောင်းစေရာမှာ ဇင့်ဓာတ်က အရေးပါပါတယ်။ ဆီးအိတ်ရောင်ရမ်းနာ မကြာခဏပြန်ဖြစ်တတ်တဲ့ ရောဂါပိုးဝင်ရောက်မှုကို ကာကွယ်ပေးတယ်။ ။
ဒေါက်တာလွင်သန့်