ဟုမ္မလင်းတပ်နယ်နှင့် ကလေး တပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ  စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက်  ဂုဏ်ပြုဖျော်ဖြေ

 

ဟုမ္မလင်းတပ်နယ်နှင့် ကလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ  စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက်  ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၀

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက် အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်း စခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျ သွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေ လျက်ရှိသည်။

          ထိုသို့ သွားရောက် ဂုဏ်ပြုဖျော်ဖြေလျက်ရှိရာ မတ်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း တပ်နယ်၌လည်းကောင်း၊ ယနေ့တွင် ကလေး တပ်နယ်၌လည်းကောင်း သက်ဆိုင်ရာတပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ဟုမ္မလင်းမြို့နှင့် ကလေးမြို့တို့ရှိ  သက်ဆိုင်ရာနယ်မြေခံ တပ်ရင်းခန်းမ အသီးသီး၌ စစ်ချီတေး၊ စစ်သည်တေး သီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်း များဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စိတ်လက် ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံ တပ်များမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင် ပစ္စည်းများပေးအပ်ကြပြီး ဒေသထွက်အစားအစာများဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြကြောင်း သတင်းရရှိသည်။