မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ်မှ မြေညီထပ်ဆိုင်ခန်းများကို ရောင်းချပေးလျက်ရှိ

 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ်မှ မြေညီထပ်ဆိုင်ခန်းများကို ရောင်းချပေးလျက်ရှိ

 

    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့် စက်ရုံ လမ်းထောင့်တွင် ပြန်လည်တည်ဆောက်နေသည့်   အဆင့်မြင့်မင်္ဂလာ ဈေးသစ်မှ မြေညီထပ်ဆိုင်ခန်းများကို  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ   အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက်ရေး စီမံကိန်းကို    ပထမ အဆင့်နှင့် ဒုတိယအဆင့်ဟူ၍ သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး   မြေအောက်ထပ် နှစ်ထပ်အပါအဝင် အထပ်မြင့် ၁၅ ထပ် ရှိသည့် ဈေးအဆောက်အအုံကို ပြည်ပ အတွေ့အကြုံရှိ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် လုပ်သားအင်အားတို့ဖြင့် တည်ဆောက်လျက်ရှိသည်။

မြေညီထပ်တွင် အဆင့်မြင့်ဈေးဆိုင် ခန်းများ၊ ဘဏ်များနှင့် စားသောက်ဆိုင်များ      ထည့်သွင်း တည်ဆောက်ထားကြောင်း၊  မြေအောက်ထပ်နှစ်ထပ် အပါအဝင်   အထပ်မြင့်ခြောက်ထပ်မှ   ၁၃ ထပ်အထိ   ယာဉ်အစီးရေ  ၇၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နားရာ နေရာများ ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း၊ အထပ်မြင့်ကိုးထပ်နှင့် ၁၀ ထပ်တွင် ဆိုင် ခန်းများနှင့် ကုန်လှောင်ရုံများ ပါဝင်မည် ဖြစ်ကြောင်း၊ အထပ်မြင့် ၁၁ ထပ်မှ ၁၃  ထပ်အထိကို ရုံးခန်းများ ထည့်သွင်းတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေး ကုမ္ပဏီမှရရှိမည့် အထပ်မြင့်ငါးထပ်မှ ရှစ်ထပ်အထိကို   ဆိုင်ခန်းပေါင်း  ၁၀၀၀  ကျော် ထည့်သွင်း တည်ဆောက်မည်ဖြစ် ကြောင်း၊ မြေညီထပ်မှ အထပ်မြင့်လေးထပ်အထိကို   ယခင်မင်္ဂလာဈေး မီးလောင်မှုကြောင့် ဈေးအတွင်း ဆိုင်ခန်းများ ငှားရမ်းရောင်းချနေကြသည့် ဈေးသူ၊ ဈေးသား များအတွက်    ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ   ဆိုင်ခန်းနေရာ များ စီမံခန့်ခွဲကာ ပြန်လည်နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြေညီထပ်ရှိ ဈေးဆိုင်ခန်းများ     ဖွဲ့စည်းဆောင်ရွက်လျက် ရှိပြီး မကြာမီပြီးစီးမည်ဖြစ်သည့်အတွက်  တည်ဆောက်ရေး ပထမအဆင့်ဖြစ်သည့် မြေညီထပ်မှ အထပ်မြင့်လေးထပ်အထိကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ ပြန်လည်အပ်နှံပြီး ဈေးသစ်ဖွင့်လှစ်နိုင်ရန် လျာထား ကြောင်း၊ ဒုတိယအဆင့်ဖြစ်သော အထပ်မြင့်ငါးထပ်မှ ၁၅ ထပ်အထိ တည်ဆောက် ရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ  မင်္ဂလာဈေးသစ်ကို     ဆန်းမြတ်ထွန်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။