အောင် ရဲ့အောင်
ယမန်နေ့မှအဆက်
ချောစုက ဘယ်သူမှမမြင်စေရဘဲ အောင့်ကိုတံတောင်နှင့် တွက်လိုက်တာကို ကိုလတ်က ဖျတ်ခနဲမြင်လိုက်မိသည်။ အောင့်မျက်နှာကို ချက်ချင်းလှမ်းကြည့် လိုက်မိတော့ အောင်သည် မျက်လွှာချကာ ခေါင်းမသိမသာ ငုံ့နေသည်။
အောင် ရှက်နေတတ်သောအပြုအမူမျိုး မကြာခဏပင် ဦးချစ် လက်ဖက်ရည်ဆိုင်တွင် မြင်ရဖူးသည်။
ဒေဝတို့လူသိုက် အောင့်ကို နှစ်ခါ၊သုံးခါမျှ နှိပ်စက်ဖူးသည်။ လက်ဖက်ရည်ဝိုင်း ရောက်သည်နှင့် ရောက်လာသူတို့ ပါလာသမျှစာတွေ၊ ကဗျာတွေ၊ မှတ်စု၊ စာညွန့်၊ ဝတ္ထုအတိုအထွာတွေ ရှိသမျှလွယ်အိတ်တွေ၊ ဖိုင်တွဲတွေထဲမှာ အကုန်ထုတ်ကာ ဝိုင်းအော်ဖတ်တာ သူတို့အကျင့်ပင်။
သည်လိုဖတ်ကြရင်း တသောသော ဟားတိုက်ရယ်မောသံသည် လေနှင့်အတူ ငှက်ပျောတောဘက်သို့ ပျံ့လွင့်သွားတတ်သည်။
ပထမဦးဆုံး ထိသူက ကိုအောင်။ ကို အောင့်လွယ်အိတ်ထဲမှ မိန်းမလက်ရေးနှင့် စာတစ်စောင်။ ကိုအောင်က ကိုလတ် မျက်နှာကိုဆတ်ခနဲကြည့်ကာ စာကိုလှမ်းလုတော့မရ၊ ဗလလက်ထဲ ရောက်သွားလေပြီ။
အာပြဲလျှာပြဲနှင့် အော်ဖတ်နေကြသော ဒေဝနှင့်ဗလနှုတ်ဖျားတွင် ကိုအောင်၏စာ အခြေအနေက ဆိုးသွားရှာသည်။
ကိုအောင်ရေ
ဒီတစ်ခါ အိမ်လာရင် မေမေ့အတွက် ဘီဗစ် (B.vit) ဝယ်ခဲ့ပါ။ ဆက်ဆက်ဝယ်ခဲ့နော်။ မေမေနောက်ကျောတွေ တက်နေလို့။ ကိုကိုလတ်တစ်ယောက်လည်း အိမ် ပြန်မအိပ်တာ သုံးညရှိပြီ။ ဘယ်ရောက်နေလဲ။ ကိုအောင်နဲ့ အတူတူ ရှိနေလား။ မေမေ သိပ်စိတ်ပူနေတယ်။ ခင်လတ်လည်း စိတ်ပူတယ်။ ကိုအောင်ရော အိမ်ပြန်အိပ်ရဲ့လား။ နှစ်ယောက်စလုံး အတူတူပါပဲ။ မထူးပါဘူး။ တကယ့်လူဆိုးတွေ။ တစ်နေရာရာမှာ သွား အိပ်ရင် အိမ်ကိုအကြောင်းကြားလိုက်ပါလို့ ကိုကိုလတ်ကို သတိပေးလိုက်စမ်းပါ။ သိပ် ခက်တာပဲ။ မေမေ ပရက်ရှာတွေတက်လာရင် ကိုကိုလတ် တရားခံပဲ။ ခင်လတ် ဒေဝသည် ကိုလတ်၏ ရင်ဘတ်ကိုလှမ်း ဖိကာ “ယောက်ဖရေ...ယောက်ဖရဲ့” ဟု အော်လိုက်သည်။ သည်အချိန်အထိ အောင်သည် ရယ်မောနိုင်ခဲ့သေးသည်။
နောက်တစ်ချီတွင် အောင်၏လေ့ကျင့် ခန်းစာအုပ်ထဲမှ ကတ်ပြားတစ်ခု သွားတွေ့ သည်။ အောင်က လိုက်လုသည်။ မရတော့။ ကတ်ပြားပေါ်မှ...
တစ်ကမ္ဘာလုံး
တစ်ပြည်လုံးမှာ
အချစ်ဆုံးသော သူကလေး။
မောင်ပန်းမွှေး
ရေးထားတာကို ဗလက ခပ်ကျယ်ကျယ် ဖတ်လိုက်ပြီး ကတ်ပြားနောက်ကို လှန်ကြည့် လိုက်သည်။
အောင်ရေ...
မောင်ပန်းမွှေးက အဲဒီလို အထွန်း ကိုယ်စား ပြောထားပေးတယ် သတိရနေတယ်။ အောင်...စာရေးပါ။ တို့လည်းရေးမယ်။
အထွန်း
ဘုရားကြီးရပ်၊
တရုတ်တန်း၊ မုံရွာမြို့။
“အထွန်းတဲ့၊ ဘယ်သူလဲ အထွန်းဆိုတာ”
ရင်ထဲတွင် မျိုသိပ်နိုင်စွမ်းမရှိသော
မေးခွန်းသည် ကိုလတ်နှုတ်ဖျားမှ လွှတ်ခနဲ ထွက်ပေါ်လာလေသည်။
“အထွန်းဆိုတာ မိန်းကလေးပါ”
အောင်ကလည်း ဘာကြောင့်မှန်းမသိ ခပ်သွက်သွက်လေး ဖြေရှင်းလိုက်မိသည်။ ကိုအောင်က သဘောကျသလို တစ်ချက် ရယ်လျက်...
“နင်တို့ အမျိုးသမီးတွေနာမည်ကလည်း အထွန်းတို့၊ အောင်တို့ ခိုက်တယ်ဟာ”
“ကျွန်တော်တို့နှစ်ယောက်က အထက တုန်းကတည်းက သူငယ်ချင်း”
“အ...အချစ်တော်လား”
ဒေဝက မဆင်မခြင် ဖျတ်ခနဲဝင်မေးမိသည်။ ဒေဝခေါင်းကို ဗလက လှမ်းပုတ်ပြီး ပြောလိုက်မိတာကလည်း...
“ဒါ မင်းအပူလား”
အောင်က မျက်နှာနီလာကာ နေရခက်သွားသည်။ ဗလပြောလိုက်မှ အခြေအနေက ပိုဆိုးသွားသည်။ အောင်၏မျက်နှာသည် ရုတ်ခြည်းတည်သွားကာ နှုတ်ခမ်းများ တင်းတင်းစေ့သွားလျက်...
“ဘယ်ကအချစ်တော်ရမှာလဲ ကျွန်တော် လုံးလုံးဝါသနာမပါဘူး၊ အောက်တန်းကျတယ်”
လေသံခပ်မာမာနှင့် ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည်။
“ငါ မသိလို့ပါဟာ၊ နင်ကလည်း စိတ်ဆိုးတာက အလျင်ပဲ၊ ငါ တောင်းပန်ပါ တယ်”
ဒေဝက မျက်နှာငယ်လေးနှင့်တောင်းပန်လည်း အောင်က မကျေနပ်တော့။
“ကျွန်တော့်ကို သက်သက်မဲ့ အထင် သေးတာ၊ ဒေဝက သိပ်စော်ကားတာပဲ”
“ဟာ...မဟုတ်ရပါဘူးဟာ”
“ဘာလို့မဟုတ်ရမှာလဲ၊ ကျွန်တော့်ကို ဒီလိုထင်တာ...”
အောင်သည် ပြောရင်းဆိုရင်း မျက်ရည်တွေ လည်လာသည်။ ဒီပြဿနာမျိုးကလည်း ဗြောင်ဖွင့်ပြောဖြေရှင်းဖို့ခက်သဖြင့် အောင့်မှာ နှုတ်ဆိတ်နေလိုက်ရသည်။ ဗလက ဝမ်းနည်းနေသော အောင့်မျက်နှာကို လှမ်းကြည့်ကာ လေသံပျော့ပျော့နှင့်...
“ငါတို့က နင့်ကို အထင်သေးတဲ့သဘော နဲ့ ပြောလိုက်တာ မဟုတ်ပါဘူး အောင်ရာ”
“ဘယ့်နှယ် အထင်မသေးရမှာလဲ၊ ကျွန်တော်မပြောချင်လို့၊ ဘာပဲဖြစ်ဖြစ် ဒေ၀ ရော၊ ဗလရော ခင်ဗျားတို့စကားကို ပြန်ရုပ်သိမ်းပေးရမယ်”
အောင်က စားပွဲကို သူ့လက်ဝါးနှင့် ဖြန်းခနဲရိုက်လိုက်ပြီး အော်ပြောလိုက်သည်။ အောင်ဆိုတာက တကယ့်မီးခဲပေဘဲ။
ဆက်လက်ဖော်ပြပါမည်။