အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖောက်ခွဲမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား တံတားအမှတ် ၇၃  ၏ အစုန်/အဆန်ရထားသံလမ်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှုဖြစ်

 

အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းဖောက်ခွဲမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား တံတားအမှတ် ၇၃  ၏ အစုန်/အဆန်ရထားသံလမ်းနှင့် ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှုဖြစ်

နေပြည်တော်  မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ အကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံပေါင်တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင်  မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ   နယ်မြေခံလုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ ၂ ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေးသော လက်ကျန်မိုင်းတစ်လုံးအား တွေ့ရှိခဲ့သဖြင့်   မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက်၈ နာရီ မိနစ် ၅၀ တွင်  ခေတ္တပိတ်ခဲ့ရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့် မိုင်းအား     သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများကလည်း ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်  ပျက်စီးသွားသော     ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင် မွမ်းမံဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို မွန်းလွဲ ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တို့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး ၇၅ ပေါင်သံလမ်း၊   ကွန်ကရစ်ဇလီဖားတုံးနှင့် သစ်သားဇလီဖားတုံးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်းအကြိမ် ၁၃၀၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၉ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့်    ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန် စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန် နေကြသောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။