မေခမြစ်ကို ဖြတ်သန်း၍ ရီဒမ်းတံတားသစ် တည်ဆောက်နေ

 

 

မေခမြစ်ကို ဖြတ်သန်း၍ ရီဒမ်းတံတားသစ် တည်ဆောက်နေ

 

ရန်ကုန် မတ် ၁၀

    ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်၌ ရီဒမ်းတံတားသစ် စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

ပူတာအိုမြို့-မချမ်းဘော့မြို့နှင့် နောင်မွန်းမြို့နယ်တို့ကိုဖြတ်၍ ခေါင်လန်ဖူးမြို့တို့ကို ဆက်သွယ်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူး လမ်းပေါ်၌ရှိသည့် အဆိုပါ ရီဒမ်းတံတားသစ်သည် ယခုအခါ ကမ်းကပ်ခုံ ကိုယ်ထည် (Abutment) A1 Cap ၊  P1နှင့် P2 တိုင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပြီး P3 Bored Pile ဖောင်ဒေးရှင်း လုပ်ငန်းနှင့် P5 Caisson   ဖောင်ဒေးရှင်းလုပ်ငန်းများ   ဆက်လက်ဆောင်ရွက်လျက် ရှိကာ တံတားတစ်စင်းလုံး ၄၇ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း တံတားသစ် တည်ဆောက်ရေး စီမံကိန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ)ထံမှ သိရသည်။

ယခင်ရီဒမ်းကြိုး တံတားဟောင်းသည် နှစ်သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ရာသီဥတုအခြေအနေအရ   တံတားခံနိုင်ဝန်အား လျော့နည်းလာကြောင်း၊ တံတားခံနိုင်ဝန်အား တစ်တန်အထိသာ ခွင့်ပြုနိုင်သည့်အတွက်  ကုန်ပစ္စည်းများ ကဲ့ယူကြရကာ ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်ရကြောင်း၊ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အညီ ဖြတ်သန်းသွားလာမှု များပြားလာခြင်းနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ယာယီလမ်းလွှဲ တံတားမရှိခြင်းတို့ကြောင့် ကချင်ပြည်နယ်ရှိပြည်သူများ   လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူ ချောမွေ့စေရန်နှင့်    ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရန်  ယခင်ကြိုးတံတား အရှည်ပေ  ၃၆၀ ရှိသော     ရီဒမ်းကြိုး တံတားဟောင်းနှင့် ရေစုန်ဘက် ပေ ၂၅၀၀ အကွာတွင် အဆိုပါ ရီဒမ်းတံတားသစ်အား တည်ဆောက်နေခြင်း ဖြစ်သည်။ 

ရီဒမ်းတံတားသစ်သည် အရှည် ၆၀၀ ပေ၊ ၁၈၂ ဒသမ ၈၇ မီတာ ရှိမည်ဖြစ်ပြီး အပေါ်ထည်မှာ T/S Bailey with Steel Decking   အမျိုးအစားဖြစ်ကာ တံတားကိုယ်ထည်မှာ  သံကူကွန်ကရစ် ရေလယ်တိုင်နှင့် သံကူကွန်ကရစ် ကမ်းကပ်ခုံ အမျိုးအစားဖြစ်၍  တံတားအောက်ခံ အုတ်မြစ်များအား အချင်း ၃ မီတာရှိသည့် Caisson Found-ation ၊ အချင်း ၂ ဒသမ ၄ မီတာရှိသည့် Caisson Foundation  နှင့်  အချင်း ၁ ဒသမ ၅ မီတာရှိသည့် သံကူကွန်ကရစ်ဘိုးပိုင်များဖြင့်   တည်ဆောက် ထားကြောင်း သိရသည်။

တံတားခန်းဖွင့် အကျယ်  ၁၉ မီတာ ခန်းဖွင့်တစ်ခန်း၊ အကျယ် ၃၃ ဒသမ ၅၃ မီတာခန်းဖွင့်နှစ်ခန်း၊ အကျယ် ၃၆ ဒသမ ၅၇ မီတာခန်းဖွင့် နှစ်ခန်းနှင့် အကျယ် ၃၀ ဒသမ ၄၉ မီတာ ခန်းဖွင့်တစ်ခန်းတို့ ပါဝင်တည်ဆောက်ထားသည်။  ယာဉ်တစ်စီးချင်း ဖြတ်သန်းမောင်းနှင်နိုင်ရန် ယာဉ်သွားလမ်းအကျယ် ၁၃ ပေရှိမည်ဖြစ်ပြီး  ရေလမ်းကင်းလွတ် အကျယ် ၁၀၂ ပေ ၃၁ ဒသမ ၀၃ မီတာနှင့် အမြင့် ၈ ပေ ၂ ဒသမ ၄၀၃ မီတာ ရှိမည်ဖြစ်ကာ   တံတားခံနိုင်ဝန်မှာ   ခွင့်ပြုယာဉ် အလေးချိန် တန်  ၂၀ ဖြစ်သည်။

ရီဒမ်းတံတားသစ်အား ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး   အဆိုပါ တံတားသစ်    တည်ဆောက်ပြီးစီးပါက   ခေါင်လန်ဖူးမြို့၊ နောင်မွန်းမြို့နှင့် မချမ်းဘော့မြို့တို့အတွက်    တိုက်ရိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို  အထောက်အကူ ဖြစ်လာစေမည်ဖြစ်ကာ ပူတာအို -မချမ်းဘော့-နောင်မွန်းလမ်း၊ ပန်နန်းဒင်-ဒဇွန်ဒန်းလမ်းနှင့်  မြစ်ကြီးနား - ဆွမ်ပရာဘွမ်- ပူတာအိုလမ်းတို့နှင့်ချိတ်ဆက်၍ ဆွမ်ပရာဘွမ်မြို့နှင့် မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများ အတွက်ပါ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ 

ထို့ပြင်  အဆိုပါ ရီဒမ်းတံတားသစ်သည် မဂွေဇ - ခေါင်လန်ဖူး လမ်းပေါ်တွင်ရှိသော အရေးပါသည့် တံတားတစ်စင်း ဖြစ်လာမည် ဖြစ်ရာ ခေါင်လန်ဖူးမြို့မှတစ်ဆင့် အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုပါ ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည့် အတွက် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့်  နိုင်ငံ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်းလည်း   သိရသည်။