အာဟာရပြည့်ဝသော တိရစ္ဆာန်အစာကျွေးမွေးနိုင်ရန် နည်းပညာပေးလက်တွေ့သရုပ်ပြ

 

အာဟာရပြည့်ဝသော တိရစ္ဆာန်အစာကျွေးမွေးနိုင်ရန် နည်းပညာပေးလက်တွေ့သရုပ်ပြ

နေပြည်တော် မတ်  ၁၀

 

မွေးမြူရေးတိရစ္ဆာန်များ ကြီးထွားဖွံ့ဖြိုးမှုနှင့် အသားထွက်ရှိမှုမြင့်မားပြီး မွေးမြူရေး တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ရရှိရေးအတွက် မွေးမြူရေးတိရစ္ဆာန်အစာသည်   လွန်စွာအရေးပါလျက်ရှိသည်။ ၎င်းင်းအပြင် စားကျက်အခက်အခဲရှိသည့် ဒေသများ၌   မွေးမြူရေးလုပ်ကိုင်သူများအတွက်  တိရစ္ဆာန်အစာ လိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့လျက်ရှိရာ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးနိုင်ရေးနှင့် တိရစ္ဆာန်အစာ  ပြုပြင်စီမံဆောင်ရွက်ရန် နည်းလမ်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဖြန့်ဝေပေးခြင်းနှင့် လိုအပ်ချက်များ ကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စားကျက်အခက်အခဲရှိသည့် ဒေသများနှင့် တိရစ္ဆာန်အစာအစိုမရနိုင်သော ခြောက်သွေ့ကာလတွင် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာကျွေးမွေးနိုင်ရန် တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ထုတ်လုပ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နို့စားနွားမွေးမြူရေး သရုပ်ပြနှင့် မျိုးဖြန့်ဖြူး ရေးခြံ၌ကျင်းပခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိရစ္ဆာန် ကျန်းမာရေး လုပ်သားများနှင့် မွေးမြူရေးတောင်သူများ တက်ရောက်လေ့လာခဲ့ကြသည်။

သရုပ်ပြပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ပုံနှင့်  ကောက်ရိုးကို ယူရီးယားဖြင့်  ပြုပြင်ထုတ်လုပ်ပုံများကို လက်တွေ့သရုပ်ပြသပြီး မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် တိရစ္ဆာန်အစာ၏  အရေးပါပုံ၊ ရောဂါဒဏ်ခံနိုင်မှု၊ ထွက်ရှိလာသော အသား၏ စားသုံးမှုအရသာ အရည်အသွေးအပေါ် တိရစ္ဆာန်အစာ၏ လွှမ်းမိုးမှုတို့ကို   အသိပညာပေး  ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။