ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပရန်စီစဉ်

 

ရွှေတိဂုံစေတီတော်၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပရန်စီစဉ်

 

    ရွှေတိဂုံစေတီတော်၌(၂၆၁၂)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို  မတ်လ ၁၅ ရက်မှ ၂၄ ရက်အထိ ၁၀ ရက်တိုင်တိုင် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာတို့ဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကျင်းပရာ၌ မတ်လ ၁၅ ရက်တွင် ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ဖွင့်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းနေ့နံနက် ၉ နာရီမှ တပေါင်းလပြည့်ဖြစ်သည့် မတ်လ ၂၄ ရက် နံနက် ၉ နာရီအထိ  သံဃာတော်အပါး  ၁၂၀  တို့က  အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။

ထို့နောက် မတ်လ ၂၃ ရက်တွင် ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၈ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း  စုရပ်မှစ၍ ရင်ပြင်တော်လက်ယာရစ် တစ်ပတ် ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်သည်။

ယင်းနောက် မတ်လ ၂၄ ရက်တွင် ရင်ပြင်တော် မြောက်ဘက်ရှိ အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး   ချမ်းသာကြီး တန်ဆောင်း၌ ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်ပိတ်ပွဲ  (အောင်ပွဲ)  နှင့် ရေစက်ချအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။