ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့က အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည် ၃၅ စင်းခန့်ဖြင့်  ပစ်ခတ်တိုက်ခိုက်

 

ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့က အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည် ၃၅ စင်းခန့်ဖြင့်  ပစ်ခတ်တိုက်ခိုက်

ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့ဝင်များ သည် မတ်လ ၁၀ ရက် နံနက်ပိုင်းက အစ္စရေး နိုင်ငံမြောက်ပိုင်းသို့ ဒုံးကျည် ၃၅ စင်းခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနှင့် လက်ဘနွန်အရင်းအမြစ်များက ပြောသည်။

ပြောက်ကျားတပ်ဖွဲ့ဝင်များသည် ဒုံးကျည်များအား ဂါလိလဲအထက်ပိုင်းရှိ မီရွန်ဒေသသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်လိုက် သည့် ဒုံးကျည်များအနက် ခုနစ်စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း  အစ္စရေး စစ်ဘက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးပေ။

ဒုံးကျည်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အစ္စရေးစစ်ဘက်က   လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟက်ဘာရီးယယ်နှင့် ကူနိုင်းမြို့များအား တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးပိုင် Ynet သတင်းဌာနက ထုတ်ပြန်သည်။

ဟစ်ဇဘိုလာပြောက်ကျားတပ်ဖွဲ့၏ ဒုံးကျည်တိုက်ခိုက်မှုသည် အစ္စရေးစစ်ဘက် က မတ်လ ၉ ရက်တွင် လက်ဘနွန်နိုင်ငံ၊ ကီယာဘက်ဆမ်းမြို့အပေါ် လေကြောင်းမှ တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့်အနေ ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။

အစ္စရေးနှင့် ဟစ်ဇဘိုလာတို့ကြား အပြန်အလှန်တိုက်ခိုက်မှုများသည် ဟားမက်စ်အဖွဲ့က အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Ref: Xinhua