ပြည်သူ့စစ်မှုထမ်း ဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ -အပိုင်း(၇)

 

 

ပြည်သူ့စစ်မှုထမ်း ဥပဒေ ကျင့်သုံးနေသော နိုင်ငံများအကြောင်း သိကောင်းစရာများ -အပိုင်း(၇)

 

    မင်္ဂလာပါရှင်။

     ကျွန်မကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေကျင့်သုံးနေတဲ့ နိုင်ငံများအကြောင်း တင်ဆက်ပေးနေတဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ဖြစ်ပါတယ်ရှင်။ ဒီတစ်ပတ်မှာ ကျွန်မတင်ဆက်ပေးမယ့် နိုင်ငံကတော့ ရုရှားဖက်ဒရေးရှင်း နိုင်ငံပဲဖြစ်ပါတယ်။ ဒီရုရှားဖက်ဒရေးရှင်း နိုင်ငံဟာ အလွန်ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့နိုင်ငံတည်ရှိမှုဟာ အာရှတိုက်ရော၊ ဥရောပတိုက်ရောမှာတည်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုနိုင်ငံ မပြိုကွဲမီ ၁၉၁၈ ခုနှစ် လောက်ကတည်းက စတင်ကျင့်သုံးခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို  ရုရှားဖက်ဒရေးရှင်း နိုင်ငံအဖြစ်   တည်ထောင်ပြီးနောက် ၁၉၉၈ ခုနှစ်မှာလည်း ဆက်လက်ကျင့်သုံး နေတာဖြစ်ပါတယ်။ အသက်အရွယ် အပိုင်းအခြားအနေနဲ့တော့ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ကြား အမျိုးသားတိုင်းဟာ အခြေခံစစ်ပညာ သင်တန်း ၆ လ တက်ရောက်ပြီးတဲ့အချိန်မှာ   တစ်နှစ်တိတိ စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။

စစ်အခြေခံသင်တန်းပြီးလို့ တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ပြီးနောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ချင်တယ် ဆိုရင်တော့ စာချုပ်စနစ်နဲ့  ထမ်းဆောင်လို့ရပါတယ်။ ဒါမိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင် လိုတယ်ဆိုရင်တော့ အသက် ၁၈ နှစ်ပြည့်ကတည်းက  စတင်ထမ်းဆောင်လို့ ရပါတယ်။ ဒီစစ်အခြေခံ သင်တန်း ၆ လတက်ပြီးတဲ့ အချိန်မှာဆိုရင် သူတို့ကိုတပ်သားသစ်အဖြစ်နဲ့  စတင်ခန့်အပ် တာဝန်ပေးတာဖြစ်ပါတယ်။  စစ်အခြေခံသင်တန်း ၆ လတက်နေတဲ့ ပထမဆုံးနှစ်ပတ်မှာပေါ့နော်၊ တာဝန်နေရာတွေ ခွဲဝေချထားပေးဖို့အတွက် စစ်လက်ရုံး ရွေးချယ်တာတို့၊ အဆင့်ရာထူးတွေ ခွဲဝေသတ်မှတ်တာတွေကို ဆောင်ရွက်တာဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းပြီးပြီးချင်း   စစ်မှုထမ်းဖို့ ဝင်ရောက်လာတဲ့ သူတွေကိုတော့ တပ်ရင်း/ တပ်ဖွဲ့တွေမှာ သူတို့ကို တပ်သားအဖြစ်နဲ့ တာဝန်ပေးအပ်တာဖြစ်ပါတယ်။   ဘွဲ့ရစစ်မှုထမ်းတွေကိုတော့ သူတို့ တတ်ကျွမ်းတဲ့ နယ်ပယ်အလိုက် သက်ဆိုင်ရာ လက်ရုံး တပ်ဖွဲ့တွေမှာ တာဝန်ခွဲဝေ နေရာချထားပေးတာဖြစ်ပါတယ်။ သင်တန်းတက်နေစဉ် ထူးချွန်သူတွေနဲ့ အတတ်ပညာတစ်ခုခု တတ်ကျွမ်းသူတွေကို ဥပမာ- ကားမောင်းတတ်တာမျိုးပေါ့။ ဒီလိုလူတွေကိုတော့ သင်တန်းပြီးလို့ရှိရင်   ဒုတိယတပ်ကြပ်၊

တပ်ကြပ်အမြင့်ဆုံး အဆင့်ဆိုရင် အငယ်တန်း တပ်ကြပ်ကြီးနဲ့ တပ်ကြပ်ကြီးအဆင့်ထိ ပေးအပ်နိုင်တာဖြစ်ပါတယ်။ ဘွဲ့ရစစ်မှုထမ်းတွေ အနေနဲ့ဆိုလို့ရှိရင်တော့  သင်တန်း ဆင်းပြီးလို့ရှိရင်  ဒုဗိုလ်၊ ဗိုလ် မာစတာဘွဲ့ရတဲ့ သူတွေကတော့ ဗိုလ်နဲ့ ဗိုလ်ကြီး ပါရဂူဘွဲ့ရတဲ့ သူတွေကတော့ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီးထိ အဆင့်ရာထူးတွေ တိုးမြှင့်ပေးနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ အရာရှိအဖြစ်နဲ့ အဆင့်ရာထူးတွေ တိုးမြှင့်အပ်နှင်းခြင်း ခံရတဲ့သူတွေကတော့ သူတို့ ဒီအဆင့်ကို   စတင်အပ်နှင်းခြင်း ခံရတဲ့ နေ့ကနေစပြီးတော့ ၅ နှစ်တိတိ သူတို့က မဖြစ်မနေ စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အဆင့်ရာထူးတွေ တိုးဖို့အတွက်တော့ နောက်ထပ်    အဆင့်ရာထူးတိုး သင်တန်းတွေကို သူတို့က   ထပ်မံတက်ဖို့အတွက် ပြဋ္ဌာန်းထားတာတော့ မရှိပါဘူး။ စစ်မှုထမ်းကာလ တစ်နှစ်ပြည့်လို့ သူတို့က ဆက်လက်တာဝန် ထမ်းဆောင်ချင်တယ်ဆိုလို့ရှိရင် သူတို့ရဲ့    မူရင်းရာထူး အဆင့်နဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် တစ်ဆင့်မြင့်ရာထူး အဆင့်နဲ့ဖြစ်ဖြစ် သူတို့က ဆက်လက်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီစစ်မှုထမ်းသက်ကတော့ တပ်သား အဖြစ်နဲ့ဆိုရင်   ၅ လ၊ ဒုတိယတပ်ကြပ်နဲ့ တပ်ကြပ်အဖြစ်နဲ့ဆိုရင် တစ်နှစ်၊ တပ်ကြပ်ကြီး၊ ဒုတိယအရာခံဗိုလ်၊ အရာခံဗိုလ်နဲ့ဆိုရင် ၃ နှစ် ၊ ဒုတိယဗိုလ်နဲ့ ဆိုရင် ၂ နှစ်၊ ဗိုလ်အဆင့်နဲ့ဆိုရင် ၃ နှစ်၊ ဗိုလ်ကြီးနဲ့ ဗိုလ်မှူးအဆင့်နဲ့ဆိုရင် ၄ နှစ်၊ ဒုတိယဗိုလ်မှူးကြီးနဲ့ အထက်ဆိုရင် ၅ နှစ်ပေါ့နော်။ သူတို့ရဲ့ စစ်မှုထမ်းသက်ပေါ် မူတည်ပြီးတော့ အဆင့်ရာထူးတွေ တိုးမြှင့် ပေးတာဖြစ်ပါတယ်။

ခုနက ကျွန်မပြောခဲ့သလိုပဲ အခြေခံပညာ ကျောင်းပြီးတဲ့သူတွေကိုတော့ နိုင်ငံတွင်းမှာရှိတဲ့ တပ်ရင်း/တပ်ဖွဲ့တွေ၊ လက်ရုံးတပ်ဖွဲ့တွေမှာ သူတို့ကို တပ်သားအဖြစ်နဲ့ တာဝန်ပေး ထမ်းဆောင်စေတာဖြစ်ပါတယ်။ တကယ်လို့ အဆင့်မြင့်ပညာ ရရှိတဲ့သူတွေဆိုရင်တော့ သူတို့ရဲ့တတ်ကျွမ်းတဲ့ ပညာရပ် အလိုက်ပေါ့နော် သက်ဆိုင်ရာ လက်ရုံးတပ်ဖွဲ့တွေမှာ လျှောက်ထားနိုင်ပြီးတော့ ဒီလျှောက်ထားမှုအပေါ်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြန်လည်စဉ်းစား ဆုံးဖြတ်ပြီးမှ သူတို့ကို   တာဝန်တွေနေရာခွဲဝေ ချထားပေးတာဖြစ်ပါတယ်။ ကျွန်မ အခု တင်ဆက်ပေးတာကတော့ ရုရှားဖက်ဒရေးရှင်း နိုင်ငံရဲ့    ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းပဲဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မပြောချင်တာကတော့ သေနတ်ကိုင်ပြီးတော့ စစ်တိုက်မှ နိုင်ငံတော်ကို ကာကွယ်တာမဟုတ်ပါဘူး။ ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ကို တာဝန်ကျေပွန်စွာ အလုပ်အကျွေး ပြုခြင်းဟာလည်း နိုင်ငံတော်ကို ကာကွယ်တာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကျွန်မပြောရမယ်ဆိုရင် ဆရာဝန်တွေဟာ သူတို့တတ်ကျွမ်းထားတဲ့ အတတ်ပညာနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို    သက်ရှည်ကျန်းမာစွာ နေနိုင်အောင်၊ ဘေးအန္တရာယ် ကင်းရှင်းအောင် ကျရောက်လာတဲ့ ကပ်ရောဂါဘေးတွေကနေ ကာကွယ်ပေးတာဟာလည်း သူတို့တတ်စွမ်းတဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ကို ကာကွယ်နေခြင်းပဲဖြစ်ပါတယ်။ ဒီလိုပဲပေါ့နော် အင်ဂျင်နီယာ ဘာသာရပ်တွေကို တတ်ကျွမ်းထားတဲ့ အင်ဂျင်နီယာတွေကလည်း သူတို့တတ်ကျွမ်းတဲ့ အင်ဂျင်နီယာ ပညာရပ်အလိုက် နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက် စည်ပင်ထွန်းကားအောင် ဆောင်ရွက်နေတာဟာလည်း သူတို့တတ်တဲ့ပညာနဲ့ နိုင်ငံတော်ကို ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေကလည်း နည်းပညာပိုင်းဆိုင်ရာ အဆင့်တိုးမြှင့်ပေးခြင်းများ၊ ပြီးရင် နည်းပညာပိုင်းဆိုင်ရာ လုံခြုံအောင် ဆောင်ရွက်ပေးခြင်းများဖြင့်လည်း သူတို့ဟာ သူတို့တတ်ကျွမ်းတဲ့ ပညာနဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်တာဖြစ်ပါတယ်။ တောင်သူလယ်သမား ဦးကြီးများကလည်း သူတို့ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကနေ တစ်ဆင့်   ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် စားရေရိက္ခာ ဖူလုံစေခြင်းဖြင့်လည်း    နိုင်ငံတော်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ   ကျွန်မတို့နိုင်ငံသူ၊ နိုင်ငံသားတိုင်းဟာ သက်ဆိုင်ရာ ကဏ္ဍစုံကနေ နည်းလမ်းစုံကနေ ပါဝင်ထမ်းဆောင်ရင်းနဲ့    နိုင်ငံတော်ကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြောကြားရင်းနဲ့   ဒီတစ်ခါ အစီအစဉ်လေးကိုတော့ ဒီမှာပဲ နိဂုံးချုပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။