ဒေးဒရဲမြို့နယ်တွင် အသက်  ၈၀ နှစ်နှင့်အထက် အဘိုးအဘွား ၁၀၀ ကျော်တို့အား ပူဇော်ကန်တော့ပွဲကျင်းပ

 

ဒေးဒရဲမြို့နယ်တွင် အသက်  ၈၀ နှစ်နှင့်အထက် အဘိုးအဘွား ၁၀၀ ကျော်တို့အား ပူဇော်ကန်တော့ပွဲကျင်းပ

 

ရန်ကုန် မတ် ၁၀

    ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်    သုံးထပ်ကျေးရွာအုပ်စု တံတားချောင်ကျေးရွာတွင် အသက် ၈၀ နှင့်အထက်  အဘိုးအဘွား ၁၀၀ ကျော်တို့အား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မတ်လ ၉ ရက် နံနက်ပိုင်းက   ဒေးဒရဲမြို့နယ် တံတားချောင်ကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ဖျာပုံမြို့ တိုင်းသံဃနာယကအဖွဲ့ ကန်ဦးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။  ထို့နောက် ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ်  လိပ်ပြာကန်ကျောင်းတိုက်  နန္ဒာအောင်မြေကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တနိမလက အနုမောဒနာနှင့် သြဝါဒကထာချီးမြှင့်သည်။ ယင်းနောက် အလှူရှင်များနှင့် တာဝန်ရှိသူတို့က ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ အသက်ရှစ်ဆယ်ကျော် အဘိုးအဘွားတို့အား ဆေးဝါးပစ္စည်းများ၊ ငွေသားနှင့်  အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြပြီး  ဒေးဒရဲမြို့   စိန္တာမုနိဘုရားကြီး ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တဥတ္တမသိရီထံမှ  ရေစက်ချတရားနာယူကာ   လှူဒါန်းမှုအစုစုအတွက်  အမျှပေးဝေကြသည်။

ယင်းသက်ကြီးပူဇော် ကန်တော့ပွဲကို ရန်ကုန်တိုင်းဒေသကြီး   ဗဟန်းမြို့နယ်ငါးထပ်ကြီး မြောက်ရပ်ကွက် လိပ်ပြာကန် ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း ဆရာတော်   မဟာသဒ္ဓမ္မဇောတိကဓဇ  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ၊ ဒေးဒရဲမြို့နယ်  သုံးထပ်ကျေးရွာအုပ်စု မဟာဗောဓိကျောင်းတိုက် ဆရာတော် အရှင်ရေဝတနှင့်   ဒေသခံကျေးရွာသူ  ကျေးရွာသားများ စုပေါင်းအလှူဒါနအဖြစ် ဒုတိယအကြိမ်မြောက်   ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။