တောင်တွင်းကြီးမြို့နှင့် ဓနုဖြူမြို့မှ လူငယ်များအား  တပ်မတော်ကဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံ ဖြန့်ဝေလျက်ရှိ

 

တောင်တွင်းကြီးမြို့နှင့် ဓနုဖြူမြို့မှ လူငယ်များအား  တပ်မတော်ကဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် လုပ်ကြံ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၁၁

     မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ မတ်လ ၇ ရက်နေ့တွင် အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်မှုထမ်းဥပဒေအရ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်။

     အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့်ဝေနေခြင်းဖြစ်ပြီး တပ်မတော်မှ စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ တပ်မတော်မှ အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်း စဉ်များနှင့်ပတ်သက်ပြီး တပ်သားသစ်စုဆောင်းရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်နေ့ကထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာ၏နောက်ဆက်တွဲ ပါ ကလေးစစ်သည်များစုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာနိုင်ငံအား ပယ်ဖျက်ခဲ့ကြောင်း ပြည်သူများ သိရှိစေရန်အတွက် တင်ပြလိုက်ရပါသည်။

    အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းတွင် မတ်လ ၈ ရက်နေ့က  အသက် ၂၃ နှစ်အရွယ် ကိုဝင်းထက်နိုင်အပါအဝင် လူငယ်၂၅ ဦး ထက်မနည်းကိုဖမ်းဆီးပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း  ပြည်သူများ အထင် အမြင်လွဲမှားဖွယ် သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည့် အတွက် ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်းမှုအရ လူငယ်များကို ဖမ်းဆီးခြင်းနှင့် စစ်သင်တန်းတက်ခိုင်းခြင်းမရှိကြောင်း သိရှိရသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားကာ ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။