၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လိုက်လံကြည့်ရှုအားပေး

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လိုက်လံကြည့်ရှုအားပေး

 

နေပြည်တော်  မတ်  ၁၁

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ၊  နေပြည်တော်ကောင်စီနယ်မြေ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊   တာဝန်ရှိသူများနှင့်အတူ   ယနေ့နံနက်ပိုင်းတွင်    နေပြည်တော် ဇမ္ဗူသီရိမြို့နယ်   အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ   စာစစ်ဌာနသို့ ရောက်ရှိပြီး  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေးစဉ်    ပြည်ထောင်စုဝန်ကြီးက စာမေးပွဲအခန်း တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို စနစ်သစ်ပညာရေး၏ အထက်တန်းဆင့် နောက်ဆုံး  အရည်အချင်းစစ် စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့်စာမေးပွဲ လုပ်ငန်းအနှောင့်အယှက် မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းအတွင်း၊ အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာ ရရှိရန် ဆောင်ရွက်ပေးရန်၊ စနစ်သစ်ပညာရေးစနစ်တွင်     ပထမဆုံးကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)  အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနနှင့်နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံကြီးသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို   လှည့်လည်ကြည့်ရှု အားပေး၍   လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့အတူ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည်  ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊  မြို့နယ်ပညာရေးမှူးများနှင့် အတူ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ် (ရေဆင်း) အခြေခံပညာ အထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ် ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ    ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့်  တာဝန်ရှိသူများသည်  တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာ စာစစ်ဌာနများ အသီးသီးသို့ သွားရောက်၍  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို   လှည့်လည်ကြည့်ရှု အားပေးကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၃၀ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၆၅၂၃ ဦး စာရင်းပေးသွင်းကြပြီး ၁၂၈၈၀၁ဦး ဝင်ရောက်ဖြေဆိုကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း ၄၇ ခုတွင်    စာမေးပွဲ ဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းကြပြီး ၈၄၂၈ ဦးဝင်ရောက်ဖြေဆိုကြကြောင်း သတင်း ရရှိသည်။