ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းနှင့် ရှေးဦးပြုစုခြင်း (သာမန်) သင်တန်းဆင်းပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း ခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ကြီးမှူးပြီး သင်္ဃန်းကျွန်းပညာရေး ဒီဂရီ ကောလိပ် ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်း ကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၈/၂၀၂၄) နှင့် ရှေးဦးပြုစုခြင်း (သာမန်) သင်တန်း အမှတ်စဉ် (၁^၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၀ ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသက်ခိုင်က အမှာစကားပြော ကြားရာတွင် ကြက်ခြေနီအသင်းသားအား လုံးသည် အရေးပေါ် အခြေအနေတွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရန် အခြေခံ သင်တန်းများ၊ အရေးပေါ်အသက်ကယ် နည်းများကို စနစ်တကျလေ့ကျင့် သင်ကြား ထားကြရန်၊ လူသားတိုင်းကို ခွဲခြားမှုမရှိ နှလုံးသားဖြင့် ဖေးမကူညီကြရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီအောင်က ကြက်ခြေနီအသင်းခွဲ အနေဖြင့် သင်တန်းဖွင့်လှစ်ခွင့်ရရှိသည့် အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်ထောက်ကူပစ္စည်း အလှူရှင်များနှင့် သင်တန်းနည်းပြများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
အဆိုပါ ရှေးဦးပြုစုခြင်းသင်တန်းများ ဖြစ်သော အခြေခံသင်တန်းတွင် ကျောင်း သား၊ ကျောင်းသူ ၉၁ ဦး၊ သာမန်သင်တန်း တွင် ကျောင်းသား၊ ကျောင်းသူ ၄၃ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဖေဖော် ဝါရီလ ၂၄ ရက်မှ မတ်လ ၉ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။