နေပြည်တော်ကောင်စီနယ်မြေ၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
နေပြည်တော် မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့စတင် ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌လည်း သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြသည်။
နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်း သား၊ ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိလာကြရာ တာဝန်ကျ ဆရာ၊ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့်အခန်းများ အတွင်း၌လည်း ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်း တို့ကို ဆောင်ရွက်ပေးကြသည်။
တက္ကသိုလ်ဝင်စာမေးပွဲသို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာနနှစ်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦးတွင် ဖြေဆိုသူ ၂၆၅ ဦး၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၁၁ ဦးတွင် ဖြေဆိုသူ ၁၉၆၀ ဦး၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၆၄ ဦးတွင် ဖြေဆိုသူ ၈၃၁ ဦး၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၃၃ ဦးတွင် ဖြေဆိုသူ ၁၄၀၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၂၄ ဦးတွင် ဖြေဆိုသူ ၁၀၉၁ ဦး၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာနငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၈၁ ဦးတွင် ဖြေဆိုသူ ၉၅၁ ဦး၊ ဥတ္တရသီရိမြို့နယ်ရှိ စာစစ်ဌာနခြောက်ခု၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၆၆၁ ဦးတွင် ဖြေဆိုသူ ၆၃၈ ဦး၊ တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာနရှစ်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၃၂ ဦးတွင် ဖြေဆိုသူ ၁၂၈၉ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်စေရန် ဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့် က “ကျွန်မတို့နေပြည်တော်မှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၆၇၆ ဦးရှိပြီး စာစစ်ဌာန ၄၇ ခုရှိပါတယ်။ ဖြေဆိုဖို့ ဘာသာတွဲတွေ အနေနဲ့ STEAMS -1 ၊ STEAMS-2 နဲ့ STAMS -1 ဆိုပြီး ခွဲခြားထားပါတယ်။
STEAMS -1 မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေ ပါဝင်ပါတယ်။ STEAMS-2 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာရပ်တွေ ပါဝင်ပါတယ်။ STAMS -1 မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွေပါဝင်ပါတယ်။
ဘာသာရပ်အလိုက် ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ STEAMS -1မှာတော့ စုစုပေါင်း ၂၈၃၄ ဦး၊ STEAMS-2 မှာတော့ ၄၉၇၂ ဦး နဲ့ STAMS -1 မှာတော့ ၈၇၀ ဦးရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုနိုင်စေဖို့ အခြေခံပညာဦးစီး ဌာနအနေနဲ့လည်း ညွှန်ကြားချက်တွေနဲ့ သေချာစွာ ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး စာမေးပွဲကာလအတွင်း မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ညှိနှိုင်း ဆောင်ရွက်ပါတယ်။ ပညာရေးဌာနက တာဝန်ရှိသူတွေနဲ့ မြို့နယ်အလိုက် အဖွဲ့အစည်းတွေက ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုနေတဲ့ အချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ မဖြစ်စေဖို့ ကူညီစောင့်ရှောက်ပေးကြပါတယ်။ စာတွေအရမ်းခက်ပေမယ့် တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစားကျက်လာကြတဲ့ ကလေးတွေကတော့ ဖြေဆိုအောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကလေးတွေအနေနဲ့ စာမေးပွဲကို သေချာစွာဖြေဆိုပြီး လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောသည်။
အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး ဆောင်ရွက်နေသည့် ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “ကျွန်တော်တို့ ဇမ္ဗူသီရိမြို့နယ်မှာ စာစစ်ဌာန ခြောက်ခုရှိပါတယ်။ ကျွန်တော်တာဝန်ကျတဲ့ ကျောင်းမှာ ဘာသာရပ်အလိုက် ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ STEAMS -1 မှာ ၁၁၆ ဦး၊ STEAMS -2 မှာတော့ ၁၁၇ ဦးနဲ့ STAMS -1 မှာတော့ ၁၉ ဦး စုစုပေါင်း ၂၉၆ ဦး ဖြေဆိုပါတယ်။ ဒီနေ့ဖြေဆိုတဲ့ မြန်မာစာ ဘာသာရပ်ကိုတော့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၀ ဦးဖြေဆိုပြီး ၁၆ ဦး ပျက်ကွက်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ဖို့အတွက် စာမေးပွဲမကျင်းပမီ တစ်ပတ်အလိုလောက်ကတည်းက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့ ညှိနှိုင်းပြီး ပြင်ဆင်မှုတွေ ဆောင်ရွက်ရပါတယ်။ ကျွန်တော့်စာစစ်ဌာနမှာတော့ စာဖြေခန်း ၁၀ ခန်းစီစဉ်ထားပါတယ်။ ဒီနေ့ မြန်မာစာဘာသာရပ်မှာတော့ ကလေးတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ဖြေဆိုနေကြပါတယ်။ ဒီနှစ်ကတော့ Grade 12 ရဲ့ ပထမဆုံး ဖြေဆိုတဲ့ စနစ်သစ်စာမေးပွဲလည်း ဖြစ်တော့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ အုပ်ထိန်းသူတွေ အားလုံး စနစ်တကျ ဆောင်ရွက်ကြပါတယ်။ ကလေးတွေအနေနဲ့လည်း စာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်များအလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျစီမံဆောင်ရွက်ထားကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့ မတ်လ ၁၁ ရက်မှ ၁၉ ရက်အထိ တစ်နေ့တစ်ဘာသာနှုန်းဖြင့် နေ့စဉ်နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။