ရွှေဘိုခရိုင်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးဧက  ၃၇၀၀ စိုက်ပျိုးမည်

 

ရွှေဘိုခရိုင်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးဧက  ၃၇၀၀ စိုက်ပျိုးမည်

ရွှေဘို  မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက  ၈၃၇၀၀   စိုက်ပျိုးမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

ရွှေဘိုခရိုင်အတွင်း   ယခုနှစ်နွေသီးနှံ စိုက်ပျိုးရာသီတွင် နွေစပါးများအခက်အခဲမရှိ  စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နှင့်  ဒေသခံတောင်သူများ   ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နွေစပါးကို မတ်လ တတိယပတ်မှစ၍  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုခရိုင်မှာ နွေစပါးဧက ၈၀၀၀၀ ကျော် စိုက်ပျိုးဖို့လျာထားပါတယ်။ လျာထားဧကပြည့်မီအောင်   စိုက်ပျိုးနိုင်ဖို့ အတွက်လည်း  ဆောင်ရွက်သွားပါမယ်။ နွေစပါးစိုက်ပျိုးတဲ့အခါမှာလည်း အထွက်နှုန်း ကောင်းမျိုးတွေစိုက်ပျိုးဖို့၊   အချိန်မီစိုက်ပျိုးဖို့၊  စိုက်နည်းစနစ်မှန်ကန်စေဖို့၊  ပိုးမွှားကျရောက်မှုမရှိစေဖို့ ဆောင်ရွက်ပေးမှာပါ  ဟု   ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန    လက်ထောက်ညွှန်ကြားရေးမှူး      ဒေါ်ဇာဇာမင်းကပြောသည်။

ယခုနှစ်   နွေသီးနှံစိုက်ပျိုးရာသီတွင် ရွှေဘိုခရိုင်အတွင်း   နွေစပါးစိုက်ပျိုးရန် မြို့နယ်အလိုက် လျာထားမှုအနေဖြင့် ရွှေဘိုမြို့နယ်၌ ၃၂၁၃၇ ဧက၊  ခင်ဦးမြို့နယ်၌ ဧက ၂၃၅၀၀၊ ဝက်လက်မြို့နယ်၌ ဧက၂၈၀၀၀ နှင့် ကျောက်မြောင်းမြို့နယ်ခွဲ၌  ၆၃ ဧက စုစုပေါင်း ဧက ၈၃၇၀၀ ဖြစ်သည်။

ယခုနှစ်တွင် ရွှေဘိုခရိုင်၌ နွေစပါးစိုက် တောင်သူများကို   သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာများပေး ခြင်းအပြင်   မြေသြဇာကျွေးနည်းစနစ်၊ သဘာဝမြေသြဇာ အသုံးပြုနည်း၊ ပေါင်းရှင်းနည်း၊ ပိုးသတ်ဆေးသုံးနည်း စသည့် အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။