မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစား ပြုပြင်ခြင်းဆိုင်ရာ နည်းပညာဟောပြောပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အမှာစကား ပြောကြား

 

မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစား ပြုပြင်ခြင်းဆိုင်ရာ နည်းပညာဟောပြောပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက် အမှာစကား ပြောကြား

 

နေပြည်တော် မတ် ၁၂

    မော်တော်ယာဉ်များအကြောင်း သိကောင်းစရာနှင့် အသေးစားပြုပြင်ခြင်း ဆိုင်ရာ နည်းပညာဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊  စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်  နည်းပညာဟောပြောမည့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မော်တော်ယာဉ်မောင်းများ အပါအဝင် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိကိုယ်ပိုင်ယာဉ်၊ ဌာနပိုင်ယာဉ်များ၏ အသေးစားပြုပြင်မှုများကို မိမိတို့ကိုယ်တိုင် မှန်ကန်မြန်ဆန်စွာ ပြုပြင်နိုင်ခြင်းဖြင့် ယာဉ်ပျက်စီးမှုများ၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေများကို ခြိုးခြံချွေတာ နိုင်မည်ဖြစ်ကြောင်း၊   ဤဟောပြောပွဲမှ မိမိတို့ဝန်ထမ်း တစ်ဦးချင်းစီ အသိပညာဗဟုသုတများ များစွာရရှိမည်ဖြစ်ကြောင်း၊   နိုင်ငံဘဏ္ဍာ ရန်ပုံငွေများဖြင့် ကျခံဆောင်ရွက်ထားသည့် မော်တော်ယာဉ်များ ဖြစ်သည့်အတွက်   ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်၊ အန္တရာယ်ကင်းစေရန်၊ မိမိတို့ကိုယ်တိုင် ယာဉ်နှင့် စက်ကိရိယာများ အကြောင်းသိရှိပြီး စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဟောပြောပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ယာဉ်မောင်းများနှင့် ဝန်ထမ်းများအနေဖြင့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပြင် မော်တော်ယာဉ်နှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များအား သိရှိနားလည် သဘောပေါက်ကြမှသာ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း၊ ယာဉ်မောင်းများ အနေဖြင့် မိမိမော်တော်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရုံသာမက ယာဉ်နှင့်ပတ်သက်ပြီး ဖွဲ့စည်းတည်ဆောက်မှု၊ လည်ပတ် အသုံးပြုမှု စနစ်များကို   သိရှိရန်လည်း လိုကြောင်း၊ ထို့ကြောင့်  ယခုကဲ့သို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များ ခေါ်ယူပြီး နည်းပညာ ဟောပြောပွဲ   ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျွမ်းကျင်ပညာရှင်များက  မော်တော်ယာဉ်ဆိုင်ရာ အခြေခံဖွဲ့စည်းပုံ၊ တာယာအကြောင်း သိကောင်းစရာများ၊ အင်ဂျင်အခြေခံ သဘောတရားများနှင့် တည်ဆောက်ပုံ၊ ချောဆီ၊ အင်ဂျင်ဝိုင် စစ်ဆေးလဲလှယ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း နည်းလမ်းများ၊ မော်တော်ယာဉ် စနှိုးစနစ်နှင့် မော်တော်ယာဉ် အခြေခံလျှပ်စစ် ထိန်းချုပ်မှုစနစ်များ စသည်တို့နှင့် စပ်လျဉ်းသည့်  သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားပြီး  တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြကြောင်း သတင်းရရှိသည်။