ရန်ကုန်-ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှု စစ်ဆေး

 

ရန်ကုန်-ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ကြည့်ရှု စစ်ဆေး

 

နေပြည်တော်  မတ်  ၁၂

    ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့တွင် ရန်ကုန် - ပုသိမ်လမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် နေမှုကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အပိုင်းတွင် လမ်း ဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ မိုင်တိုင်အမှတ် (၅/၄) မှ မိုင်တိုင်အမှတ် (၁၇/၄)ထိ လမ်းအရှည် ၁၂ မိုင်အား ၄၈ ပေ အကျယ် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် Toll   Gate  များတွင် လမ်းအသုံးပြုခ ကောက်ခံနေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး  ယခုအချိန်သည်  နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကမ်းခြေသို့ အပန်းဖြေခရီးသွားပြည်သူများ ပိုမိုများပြား လာမည်ဖြစ်၍  ရန်ကုန်-ပုသိမ်လမ်း၊ ပုသိမ်-ချောင်းသာလမ်းနှင့် ပုသိမ်-ငွေဆောင်လမ်းများ ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန်၊ ယာဉ်သွားလာမှု များပြားလာသည့်အတွက် ခရီးသွားပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများ၊ လမ်းမျဉ်း ရေးဆွဲခြင်းများကို  သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်များ အနေဖြင့် ယာဉ်သွားလာမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေး၊ ပြည်သူများ အဆင်ပြေချောမွေ့စေရေး၊ လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ နိုင်ငံတော် ဘဏ္ဍာငွေများသို့  အပြည့်အ၀ ရောက်ရှိစေရေးနှင့်  လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက်  စနစ်တကျစိစစ်ကြပ်မတ် ဆောင်ရွက်ရန်နှင့် အများပြည်သူ လုံခြုံမှု   အထောက်အကူဖြစ်စေရေးအတွက် ယာဉ်သွားလာမှုများအား စနစ်တကျမှတ်တမ်း ပြုစုထားရှိရန်တို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ဗိုလ်မြတ်ထွန်းတံတား ရှင်းလင်း ဆောင်၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ရန်ကုန်-ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီး အပိုင်း)သို့ ဆက်လက် ထွက်ခွာရာ လမ်းတစ်လျှောက်တွင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်းနှင့် လမ်းပခုံးများ ပြုပြင်ခြင်းများနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်း ဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဦးစီးဌာနမှ တာဝန်ယူ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရန်ကုန်-ပုသိမ်လမ်းသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို  အဓိကဆက်သွယ်သည့်  လမ်းတစ်လမ်းဖြစ်သည့်အပြင် အရှေ့-အနောက် စင်္ကြံလမ်းမကြီး (East-West Corridor)နှင့်   တိုက်ရိုက်ဆက်သွယ်သည့် လမ်းဖြစ်ကြောင်း၊   ဧရာဝတီတိုင်းဒေသကြီးသည် မိုးများသော ဒေသဖြစ်သောကြောင့် လမ်းများ ပေါက်ပြဲပျက်စီးနေသဖြင့်    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ပြုပြင်ရာတွင် လမ်းအင်္ဂါရပ်များနှင့် အညီ  အရည်အသွေးပြည့်မီရေး  အထူးအလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ လမ်းချဲ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့ကို နှစ်အလိုက် အဆင့်ဆင့် ဆောင်ရွက်သွားနိုင်ရေး အတွက် လျာထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်တိုင်အမှတ်  (၈၈/၃) မှ (၈၉/၂)အထိ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းသို့သွားရောက်၍ ကွန်ကရစ်ခင်းသည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းလိုအပ်ချက်များကို  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့အဝင်   လမ်းချဲ့ခြင်းနှင့်  လမ်းအဆင့်မြှင့်တင်ခြင်းတို့ အတွက်    လျာထားချက် အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ပုသိမ်-ချောင်းသာလမ်းနှင့် ပုသိမ်-ငွေဆောင် လမ်းတို့ လာမည့်နှစ်များတွင် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။