ရေပေးဝေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများအား ရန်ကုန်မြို့တော်ဝန် ကွင်းဆင်း စစ်ဆေး

 

ရေပေးဝေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများအား ရန်ကုန်မြို့တော်ဝန် ကွင်းဆင်း စစ်ဆေး

 

ရန်ကုန်  မတ်  ၁၂

    ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေဂါလန်နှစ်သိန်းဆံ့ မြေအောက် ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ  တည်ဆောက်နေမှု လုပ်ငန်း၊ သာကေတမြို့နယ်၊  ၁၀/တောင်ရပ်ကွက်၊ ဧရာဝဏ်ဆက်စပ်လမ်းနှင့် ရတနာလမ်းကြား နဝရတ်လမ်း အုတ်ရေမြောင်း တည်ဆောက်နေမှု လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဆောင်ရွက်နေသည့် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေဂါလန်နှစ်သိန်းဆံ့ မြေအောက် ရေလှောင်ကန်နှင့်  ရေတွန်းစက်ရုံ အပေါ်အမိုး(Roof Slap)တည်ဆောက်နေမှု လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် အပေါ်အမိုး(Roof Slap) ပြီးစီးပါက မြေယာရှုခင်း ကောင်းမွန်စေရေး မြက်စိုက်ပျိုးရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျားပေ ၈၀၊ အနံ ပေ ၄၀၊ အနက် ၁၁ ပေရှိ၍ ရေတွန်းစက်ရုံသည် အလျားပေ ၄၀၊ အနံ ၁၈  ပေရှိပြီး 30 HP (22kW) စက် လေးလုံးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှဆောင်ရွက်နေသည့် သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်  ဧရာဝဏ်ဆက်စပ်လမ်းနှင့် ရတနာလမ်းကြား အရှည် ပေ ၁၇၇၀၊ အကျယ် ၅ ပေ၊ အနက် ၅ ပေရှိ Box Culvert ကိုးလုံးပါ နဝရတ်လမ်း အုတ်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။