ဆေးဝါးစက်ရုံ(အင်းစိန်)အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

 

ဆေးဝါးစက်ရုံ(အင်းစိန်)အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၁၂

    စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိပြီး သွေးကြောသွင်း ဆေးရည်များ ထုတ်လုပ်မှု၊ ဆေးဝါးများ ထုတ်လုပ်ရာတွင် လိုအပ်သည့် အထောက်အကူပြု အလုပ်ရုံများ၊ ကုန်ကြမ်း သိုလှောင်ရုံများနှင့် စက်ရုံနေ့ကလေးထိန်း ကျောင်းတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးကာ စတိုစီမံခန့်ခွဲမှု စနစ်များကို   စနစ်တကျဆောင်ရွက်ရန်နှင့် သင်တန်းများ ဖွင့်လှစ်ပေးရန်၊ စတို၌ လက်ရှိဆောင်ရွက်နေမှု   အခြေအနေများနှင့် ပတ်သက်၍ SOP များ ရေးဆွဲ ဆောင်ရွက်ရန်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ အမှာစာပေးပို့၍ မှာယူထားသည့် ဆေးဝါးများကို   အချိန်မီပေးပို့နိုင်ရန် အတွက် လိုအပ်သော   စက်အရန် ပစ္စည်းများကို ကြိုတင်ဖြည့်ဆည်းထားရန်  မှာကြားသည်။

ထို့နောက် စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်    ကျန်းမာရေး ဝန်ကြီး ဌာနမှ  မှာယူထားသည့်  ဆေးဝါးများ ထုတ်လုပ်ပေးခဲ့မှုနှင့် ထုတ်လုပ်ပေးရန် ကျန်ရှိနေမှု အခြေအနေကို   ရှင်းလင်းတင်ပြရာ    ပြည်ထောင်စုဝန်ကြီးက စက်စွမ်းအားအရ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ လိမ်းဆေး၊ ဆေးမှုန့်၊ ကာကွယ်ကုသဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေး၊ လက်သန့်ဆေးရည်နှင့် သွားတိုက်ဆေးတို့  ထုတ်လုပ်နိုင်မှုအခြေအနေကို အခြေခံ၍ စနစ်တကျ တွက်ချက်ရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်  အခြေခံမှ စတင်၍ စဉ်းစားဆောင်ရွက်ရန်၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်နှင့် ဈေးကွက်ဝေစု တိုးတက်ရရှိရေးအတွက် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ ဆေးဝါးများ   တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို လက်တွေ့ ကျကျရေးဆွဲ  ဆောင်ရွက်ရန်၊   ထို့ပြင် စက်ပစ္စည်းများ စဉ်ဆက်မပြတ်လည်ပတ် ထုတ်လုပ်နိုင်ရေး အတွက် ကြိုတင်စစ်ဆေး၍   ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဈေးကွက် လိုအပ်ချက်အတိုင်း  ထုတ်လုပ်နိုင်ရေးအတွက်  လူ၊ ကုန်ကြမ်း၊  စက်ပစ္စည်း၊ နည်းစဉ်၊  အရည်အသွေး အာမခံမှုနှင့် အရည်အသွေး ထိန်းသိမ်းခြင်း စသည်တို့ကို အသေးစိတ်   တွက်ချက်ဆောင်ရွက်ရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ ယုဇနဆီအုန်း စက်ရုံသို့ ရောက်ရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ   ပိုမိုရရှိရေး အတွက် စက်ရုံအား စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန်အစားထိုး လုပ်ငန်းဖြစ်၍ ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဆီအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သော   သွင်းအားစုများကို အပြည့်အဝဖြည့်ဆည်းပေးရန်၊   စက်မှုဝန်ကြီးဌာန အနေဖြင့်   စားသုံးသူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် ထုတ်လုပ်မှု နည်းစဉ်တစ်လျှောက်ရှိ အဆင့်တိုင်းတွင် စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  လိုအပ်ချက်များကို အပြည့်အ၀ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ စားအုန်းဆီသန့်များ ထုတ်လုပ်နေသည့်   နည်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။