ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား တံတားအမှတ် ၂၆၃ (ခပေါင်းတံတား)အား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား တံတားအမှတ် ၂၆၃ (ခပေါင်းတံတား)အား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

 

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း တောင်ငူ-သောင်းတိုင်ကုန်းဘူတာအကြား တံတားအမှတ် ၂၆၃ (ခပေါင်းတံတား)အား အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီးမိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့် တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး  မြန်မာ့မီးရထားဝန်ထမ်းများက တံတားကြံ့ခိုင်မှုနှင့်   ရထားလမ်းပိုင်းအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး  တောင်ငူ-သောင်းတိုင်ကုန်းရထားလမ်းပိုင်းကို ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခြင်း မရှိခဲ့သော်လည်း မိုင်းဖောက်ခွဲခံရသည့် ခပေါင်းတံတားသည်   ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း တောင်ငူနှင့် သောင်းတိုင်ကုန်းဘူတာအကြား အဓိကတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေစဉ် အဆိုပါ တံတားတစ်စင်းတည်းကိုသာ အစုန်/အဆန်ရထားများ ဖြတ်သန်းနေရသဖြင့် မိုင်းဖောက်ခွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့ပါက ရထားသွားလာမှုရပ်ဆိုင်းသွားနိုင်၍ ခရီးသွားပြည်သူများနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်အထိ   မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်   ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၅၀) ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့်   ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက် ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့်ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက်     ယုတ်မာ ပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။