လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအပေါ် တင်းကျပ်ထားခြင်းကိုဖြေလျှော့ပေးသည့် အချိန်မတိုင်မီ အစ္စရေးသို့ လက်နက်များ မထောက်ပံ့ရန် ဘိုင်ဒင်အား အမေရိကန်အထက်လွှတ်တော်များတောင်းဆို

 

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအပေါ် တင်းကျပ်ထားခြင်းကိုဖြေလျှော့ပေးသည့် အချိန်မတိုင်မီ အစ္စရေးသို့ လက်နက်များ မထောက်ပံ့ရန် ဘိုင်ဒင်အား အမေရိကန်အထက်လွှတ်တော်များတောင်းဆို

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ပြည်သူများအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် ချမှတ်ထားသည့် တင်းကျပ်မှုများကို အစ္စရေးက ဖြေလျှော့ပေးသည့် အချိန်မတိုင်မီအထိ ယင်းနိုင်ငံသို့ လက်နက်များထောက်ပံ့ခြင်း မပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား အထက်လွှတ်တော် အမတ်များက တောင်းဆိုခဲ့ကြောင်း အမေရိကန်သတင်းစာကြီး တစ်စောင်ဖြစ်သည့် New York Times ကဖော်ပြသည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သည့်  အစ္စရေးသည်  ဂါဇာသို့ လူသားချင်းစာနာမှုဆိုင်ရာ  အကူအညီ များပေးအပ်ခြင်းအပေါ်  ကန့်သတ်ထားခြင်းကြောင့် အမေရိကန်က ယင်းနိုင်ငံသို့ လက်နက်ပစ္စည်းများ ထောက်ပံ့နေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ် ကြောင်း အထက်လွှတ်တော်အမတ်များက ဂျိုးဘိုင်ဒင်ထံသို့ ယခုရက်သတ္တပတ်အစောပိုင်းတွင် ပေးပို့သည့်စာ၌ ဖော်ပြထားကြောင်း New York Times သတင်းစာတွင်ဖော်ပြ ထားသည်။ ဂျိုးဘိုင်ဒင်ထံသို့ စာရေးသား ပေးပို့သည့်  အထက်လွှတ်တော်များတွင် ဘားနီဆန်းဒါးစ်အပါအဝင်   ဒီမိုကရက် လွှတ်တော်အမတ် ခုနစ်ဦးပါဝင်ကြောင်း သိရသည်။

ထို့ပြင်  အမေရိကန်ပြည်သူများနှင့် ကွန်ဂရက်လွှတ်တော်တို့အနေဖြင့် ဂါဇာကမ်း မြောင်ဒေသတွင် ဖြစ်ပွားနေသည့် အပျက်အစီးများနှင့် စားနပ်ရိက္ခာငတ်မွတ်မှုများကို တွေ့မြင်ရသည်မှာ ငြီးငွေ့နေပြီဖြစ်ကြောင်း ကို ဂျိုးဘိုင်ဒင်အနေဖြင့် နားလည်သဘောပေါက်မည်ဟု မျှော်လင့်ကြောင်း ဘားနီဆန်းဒါးစ်က New York Times  သတင်းစာသို့ ပြောကြားသည်။

အထက်လွှတ်တော်သည် အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပေါ်အကူအညီဟူသောမူကြမ်းတစ်ရပ်ကို   ပြီးခဲ့သည့်လအတွင်းက အတည်ပြုခဲ့သည်။ ယင်းမူကြမ်းအရ အမေရိကန်အနေဖြင့် အစ္စရေးသို့ စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။                

Ref: RT