Agni-5 ပြည်တွင်းဖြစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်စမ်းသပ်၍ ဒုံးကျည်နည်းပညာတိုးတက်သည့် နိုင်ငံအဖြစ် တက်လှမ်းလာသည့်အိန္ဒိယ

 

Agni-5 ပြည်တွင်းဖြစ်ဒုံးကျည်ကို ပထမဆုံးအကြိမ်စမ်းသပ်၍ ဒုံးကျည်နည်းပညာတိုးတက်သည့် နိုင်ငံအဖြစ် တက်လှမ်းလာသည့်အိန္ဒိယ

အိန္ဒိယနိုင်ငံသည်  ၎င်းတို့၏ ထိပ်ဖူးအများအပြား တပ်ဆင်ပစ်ခတ်နိုင်သည့် ပြည်တွင်းဖြစ် Agni-5 ဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်နိုင်ခဲ့ပြီဖြစ်သည်။ အိန္ဒိယအစိုးရနှင့် စစ်ဘက်သည်  အဆိုပါ ဒုံးကျည်နည်းပညာအား ထုတ်လုပ်နိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်အကြာ ကြိုးပမ်းခဲ့ပြီးနောက် စမ်းသပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ယခုရက်သတ္တပတ်အစောပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်ကို တွေ့ရသည်။

အချို့သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ အိန္ဒိယနိုင်ငံသည် ထိပ်ဖူးအများအပြားတပ်ဆင်ပစ်ခတ်နိုင်သည့် ဒုံးကျည်နည်းပညာကိုရရှိနိုင်ရေးအတွက် ဆယ်စုနှစ်နှစ်ခုကြာ  စမ်းသပ်ကြိုးပမ်းခဲ့ရကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် အဆိုပါဒုံးကျည်အား ဟိုက်ဒရာဘတ်မြို့ အရှေ့မြောက်ဘက်ရှိ ရှမ်ပီယာပက်ဒုံးကျည် စမ်းသပ်ပစ်ခတ်ရေးစခန်း၌ ရွေ့လျားပစ်စင်ဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ Agni-5 ဒုံးကျည်သည် ကီလိုမီတာထောင်ပေါင်းများစွာ အကွာရှိ ရန်သူ၏ပစ်မှတ်များကို  ဒုံးကျည်တစ်စင်းတည်းဖြင့်    ပစ်ခတ်နိုင်သောကြောင့် ရန်သူတပ်များအား ခုခံကာကွယ်ရာတွင် ခက်ခဲစေမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ဒုံးကျည်များသည်   ရန်သူ၏ဒုံးကျည် ကာကွယ်ရေးစနစ်များကို လှည့်စားနိုင်ရန်အတွက်   သမားရိုးကျ ထိပ်ဖူးများနှင့်အတူ ရန်သူအား ဖြားယောင်းနိုင်သည့် စနစ်များကိုပါ တပ်ဆင်နိုင်မည်ဖြစ်သည်။

အိန္ဒိယက ယခုစမ်းသပ်ပစ်ခတ်ခဲ့သည့် Agni-5 ဒုံးကျည်အား အကွာအဝေး ၃၅၀၀ ကီလိုမီတာအထိ ပစ်ခတ်ရောက်ရှိနိုင်သည့်   Agni- III  ဒုံးကျည်အား အဆင့်မြှင့်တင်၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး Agni-5 ဒုံးကျည်တစ်စင်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ဒေါ်လာခြောက်သန်းခန့်ရှိသည်။

အဆင့်မြှင့်တင်လိုက်သည့် Agni-5 ဒုံးကျည်သည် အကွာအဝေးအားဖြင့် ၅၀၀၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်မည်ဟု ယူဆရပြီး ဒေသအတွင်းမှ ထွက်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများအား တုံ့ပြန်နိုင်ရေးအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် Agni-5 ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို ဒေဝစ္ဆရာစစ်ဆင်ရေးဟု အမည်ပေးထားပြီး ယင်းဒုံးကျည်အား လက်နက်ကိုင် တပ်များ၏ စစ်ဆင်မှုများအတွင်း အသုံးပြုနိုင်ရန်အတွက် စမ်းသပ်မှုများ  ထပ်မံလုပ်ဆောင် ရဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထုတ် Iskander  ဒုံးကျည်နှင့် အလားသဏ္ဌာန်အားဖြင့်  တူညီသော ဏမေူပေ မြေပြင်မ ှမြေပြင်တာတိုပစ် ဒုံးကျည်တစ်စင်း ကိုလည်း နယ်စပ်အငြင်းပွားနေသည့် ဒေသများအတွင်း၌ ဖြန့်ကြက်ရန်အသင့် အနေအထားရှိနေပြီ ဖြစ်သည်။    ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ဒုံးကျည်နည်း ပညာတွင် တိုးတက်မှုများရရှိခဲ့သော်လည်း ထိပ်ဖူးအများအပြားကို တပ်ဆင်ပစ်ခတ်နိုင်သည့်  ဒုံးကျည် နည်းပညာ ပြန့်ပွားခြင်းသည်  ကမ္ဘာတစ်ဝန်းရှိ  နျူကလီးယား လက်နက်နိုင်ငံများကြား  စိုးရိမ်ဖွယ်ရာ ကိစ္စ ရပ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည့်အပြင် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုကိုပါ ဖြစ်ပေါ်လာစေနိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

ထို့ပြင်  အိန္ဒိယနိုင်ငံသည်  နိုင်ငံ၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အတွက် အဆင့်မြင့်နည်းပညာသုံး လက်နက်များကို ဆက်လက်ထုတ်လုပ်လျက်ရှိသည်။ အိန္ဒိယစစ်ဘက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလအတွင်းကလည်း BDL ကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့ပြီး အဆိုပါစာချုပ်အရ အိန္ဒိယလေတပ်နှင့် ရေတပ်တို့တွင် အသုံးပြုနိုင်မည့် Astra MK-1 BVR ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်နှင့်   ဆက်စပ်ပစ္စည်းများကို ဝယ်ယူမည်ဖြစ်သည်။   Astra   MK-1 BVR ဒုံးကျည်ကို အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ထုတ်လုပ်ရေးအဖွဲ့ ထုတ်လုပ်ထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယ၏အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ ပြိုင်ဘက်လည်းဖြစ်သည့် ပါကစ္စတန်နိုင်ငံသည်  ထိပ်ဖူးအများအပြားကို တပ်ဆင်ပစ်ခတ်နိုင်သည့် တာလတ်ပစ်ဒုံးကျည်နည်းပညာကို   ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းအစီအစဉ်ကို  ပါကစ္စတန်အစိုးရက ၂၀၁၇   ခုနှစ်၊ ဇန်နဝါရီလတွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃  ခုနှစ်၊  အောက်တိုဘာလတွင် နောက်ထပ်တစ်ကြိမ် တရားဝင်ထုတ်ဖော်ပြောကြားခြင်းကြောင့် ယင်းကြိုးပမ်းမှု များသည် အိန္ဒိယ၏ ဒုံးကျည်နည်းပညာတိုးတက် ဖွံ့ဖြိုးရေးကြိုးပမ်းမှုအတွက် တွန်းအားများ ဖြစ်လာစေခဲ့သည်ဟုလည်း ဆိုနိုင်သည်။

ယခုအခါ အိန္ဒိယနိုင်ငံသည် ဒုံးကျည်နည်းပညာတွင် တိုးတက်လာသည်နှင့်အမျှရုရှားနှင့် ၎င်းတို့ကြား ပူးတွဲထုတ်လုပ်ထားသည့် BrahMos အမျိုးအစားတာဝေးပစ် အသံထက်မြန်ဒုံးကျည်များကို အရှေ့တောင် အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့ရန် ယခုနှစ်အစောပိုင်းက သဘောတူညီခဲ့ပြီးဖြစ်သည်။ အိန္ဒိယနှင့်ဖိလစ်ပိုင်တို့ကြား အဆိုပါ ဒုံးကျည်လွှဲပြောင်းပေးရေး သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်ကတည်းက    လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယခုအခါ အခြားနိုင်ငံအများအပြားကလည်း အိန္ဒိယနိုင်ငံထုတ် ဝေဟင်အထက် ၂၇ အကွာအဝေးတွင်  ပျံသန်းနေသည့် လေယာဉ်ပျံများကို  ပစ်ခတ်တိုက်ခိုက်နိုင်သည့် Akash ဒုံးကျည်များ အပါအဝင် အခြားလက်နက်စနစ်များကို ဝယ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ယခုအခါ ဒုံးကျည်နည်းပညာတွင် အလျင်အမြန် တိုးတက်လာသည့် နိုင်ငံတစ်နိုင်ငံ အဖြစ်သို့    ရောက်ရှိလာပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: RT, Fas