၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်တို့ကို ဆက်လက်ဖြေဆို

နေပြည်တော်၊ မတ် - ၁၄

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင် ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် ဓာတုဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ ဦးရှိပြီး  ဓာတုဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၇၁ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၅၆  ရာခိုင်နှုန်းရှိကြောင်းနှင့်  ပထဝီဝင်ဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၀၆၅၁ ဦးရှိပြီး   ပထဝီဝင် ဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒဿမ ၃၃ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာ  တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။