ကမ္ဘာ့ကျောက်ကပ် ရောဂါနေ့ အသိပညာပေး ဆွေးနွေး

 

ကမ္ဘာ့ကျောက်ကပ် ရောဂါနေ့ အသိပညာပေး ဆွေးနွေး

 

ရန်ကုန်  မတ်  ၁၄

    ကမ္ဘာပေါ်တွင် မကူးစက်နိုင်သော ရောဂါတို့၌ အသံတိတ် လူသတ်သမားဟု တင်စား လေ့ရှိသည့် ကျောက်ကပ်ရောဂါကို ကမ္ဘာ့လူဦးရေ၏ သန်း ၈၀၀ ကျော်၌ ၁၀ ဦးတွင် တစ်ယောက်နှုန်း ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားရာ မြန်မာ နိုင်ငံတွင်လည်း     ကျောက်ကပ်ရောဂါ အကြောင်းကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို လိုက်နာလုပ်ဆောင်နိုင်ရန်  ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ ကျောက်ကပ်နေ့၌ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ကန်သာယာ အထူးကုဆေးရုံကြီး ဧည့်ခန်းမဆောင်၌ ကျောက်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသမှုနည်းလမ်းများကို   ယနေ့နံနက်ပိုင်းတွင် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မကူးစက်နိုင်သောရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါနှင့် အဝလွန် ရောဂါများ ဖြစ်ပွားမှုများလာသည်နှင့်အမျှ နာတာရှည်ကျောက်ကပ် အားနည်းရောဂါ ဖြစ်ပွားမှုမှာလည်း  တိုးမြင့်လာလျက်ရှိပြီး နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ကုန်ထုတ် စွမ်းအားကို ထိခိုက်စေသောကြောင့် နာတာရှည်ကျောက်ကပ်အားနည်း ရောဂါကို အထူး  ဂရုပြုနိုင်ရန်    ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေး ပညာရှင်များက အသိပညာပေးလုပ်ငန်းများ  ပိုမိုလုပ်ဆောင်လာခြင်းဖြစ် သည်။

“ဆီးချို၊ သွေးချိုနဲ့ သွေးတိုးရောဂါဖြစ်ပွားမှု များလာတာရယ်၊ အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို အလွယ်တကူ သုံးစွဲမှုများလာတာရယ်၊   အနေအထိုင်စားသောက်မှုပုံစံတွေ မမှန်လာတာကြောင့် ကျောက်ကပ်ရောဂါ ဝေဒနာတွေ ပိုများလာတယ်လို့ဆိုရမှာပါ။ နာတာရှည်ကျောက်ကပ် အားနည်းရောဂါမဖြစ်အောင် ကာကွယ်ကုသပေးတာ၊ ရောဂါဖြစ်လာရင် ကျောက်ကပ်သွေးသန့်စင်ခြင်း၊ ဝမ်းဗိုက်အမြှေးပါးကို အသုံးပြုပြီး ရေနဲ့သန့်စင်ခြင်းနဲ့ ကျောက်ကပ်အစားထိုး ကုသမှုတို့ကို ကုသဆောင်ရွက်ပေး နေတာရှိပါတယ်။ အထူးသဖြင့် ရောဂါဖြစ်မှ ကုသတာထက် မဖြစ်အောင်ကြိုတင် ကာကွယ် ပြုမူနေထိုင် သွားမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ လူမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ” ဟု ကန်သာယာ အထူးကုဆေးရုံကြီးမှ ကျောက်ကပ်ဆေး ကုသမှုပါရဂူ ဒေါက်တာအောင်ချမ်းငြိမ်းက ပြောသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့ ဆောင်ပုဒ်မှာ “အားလုံးအတွက် ကျောက်ကပ် ကျန်းမာရေး” ဖြစ်ပြီး နှစ်စဉ်မတ်လ၏ ဒုတိယပတ် ကြာသပတေးနေ့တွင်   (World Kidney Day) “ကမ္ဘာ့ကျောက်ကပ်နေ့”ကို၂၀၀၆ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ ယနေ့တိုင် ကျင်းပလျက်ရှိသည်။  ကမ္ဘာတွင် သေစေနိုင်သော ရောဂါများကို အဆင့်ခွဲထားရာ၌ ကျောက်ကပ်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် အဆင့်(၈)တွင် ရောက်ရှိလျက်ရှိရာ    ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ယခုလို ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို    ကျယ်ပြန့်စွာ ဆောင်ရွက်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာ့ကျောက်ကပ်နေ့တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြည်သူများ သတိပြုသိရှိ လိုက်နာနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လုပ်ငန်းများကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း(၆၀)ကျော်၌ ကျင်းပ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။