ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ပထဝီဝင် ဘာသာရပ်နှင့်  ဓာတုဗေဒ ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦး စိတ်အေးချမ်းစွာဖြေဆို

 

ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ပထဝီဝင် ဘာသာရပ်နှင့်  ဓာတုဗေဒ ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦး စိတ်အေးချမ်းစွာဖြေဆို

 

ရန်ကုန်  မတ်  ၁၄

    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန  ၇၃  ခု၌ ယနေ့နံနက် ၉ နာရီတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင် ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်တို့ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

ယနေ့ ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၁၀၂၉ ဦး ဖြေဆိုခဲ့ကြပြီး အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်းစာစစ်ဌာန၌ အကျဉ်းသားခုနစ်ဦး ဝိဇ္ဇာတွဲကိုဖြေဆိုခဲ့ကြသည်။    ဓာတုဗေဒ ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၇၀၀၅ ဦးဖြေဆိုခဲ့ကြပြီး အမြင်အာရုံ မသန်စွမ်းသူသုံးဦး၊ ကိုယ်အင်္ဂါမသန်စွမ်းသူ နှစ်ဦးနှင့် ကမာရွတ်မြို့နယ်၊ တာမွေမြို့နယ်နှင့်  ခရမ်းမြို့နယ်တို့မှ  ကျောင်းသူသုံးဦးတို့သည် ဆေးရုံမှဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနတို့တွင် ပထဝီဝင် ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်တို့အား   ကျောင်းသား၊ ကျောင်းသူ ၁၈၀၃၄ ဦး စိတ်အေးချမ်းသာပျော်ရွှင်စွာဖြေဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade-12  သင်ရိုးသစ် စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ဘာသာရပ်များနှင့် မေးခွန်း ပုံစံများကို  သိရှိနားလည်စေရန်  ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုးသစ်နှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ပြီး နွေရာသီ ကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ် ဘာသာရပ်များကို ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းများအဖြစ် လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း  သိရသည်။