AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ်လျက်ရှိပြီး စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်နေ

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ပစ်ခတ်လျက်ရှိပြီး စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်နေ

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့  ယနေ့နံနက် ၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက ပုဏ္ဏားကျွန်းဘက်မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်ခုအနီး ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တာဝန်ရှိသူများက စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် စစ်တွေမြို့ပေါ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးစေပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ကာ တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများကို Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့်  ပစ်ခတ်ခြင်းများကို မကြာခဏလုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့လည်းကောင်း၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လည်းကောင်း၊ မတ်လ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့ လည်းကောင်း၊ မတ်လ ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း စစ်တွေမြို့၊ စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပါအဝင် လူနေရပ်ကွက်များအတွင်းသို့ စုစုပေါင်း ၁၃ ကြိမ် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်းပြီး အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများသည် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးအဆောက်အဦများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ယင်းသို့ စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းနှင့် လူနေရပ်ကွက်များအား ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ပင်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှု မရှိကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။