မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာ

 

မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာ

 

ပုသိမ်  မတ်  ၁၇

    ခရီးသွားများ လက်ဆောင်ပစ္စည်းအဖြစ် အဝယ်များသည့် မြန်မာ့ရိုးရာပုသိမ်ထီးများ ယခုလအတွင်း ရောင်းအားပိုမိုကောင်းမွန်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး    ပုသိမ်မြို့နယ်ရှိ ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

“ခရီးသွားရာသီရောက်လာတော့ ပုသိမ်ထီးတွေ ရောင်းအား ပြန်ကောင်းလာတယ်။ လာမယ့်သင်္ကြန်ကာလမှာ   ငွေဆောင်နဲ့ ချောင်းသာကို ခရီးသွားလာရောက်မှုပိုများ လာမှာဖြစ်ပြီး ရောင်းအားက လက်ရှိထက် ပိုကောင်းလာမယ်လို့   မျှော်လင့်ပါတယ်။ ကလေးတွေအတွက်ဝယ်ကြသလို  လက်ဆောင်ပေးဖို့နဲ့ အမှတ်တရအဖြစ် ဝယ်ကြ တာများတယ်။ အခုလိုရောင်းအားကောင်းလာလို့ ကျွန်တော်တို့လက်မှုပစ္စည်းထုတ် လုပ်သူတွေအနေနဲ့ အဆင်ပြေလာပါတယ်”ဟု  ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ကပြောသည်။

ပုသိမ်ထီးထုတ်လုပ်ရာတွင်   ကလေးဆောင်းထီး၊ လူကြီးဆောင်းထီး၊ အလှဆင် ထီးဟူ၍ ထုတ်လုပ်ပြီး ကနုတ်ထီး၊ ပန်းချီ ထီးနှင့်  ရိုးရိုးပန်းထီးဟူ၍  ခွဲခြားထားကြောင်း၊  ဈေးကွက်အတွင်း  ကနုတ်ထီး တစ်လက်လျှင် ငွေကျပ်  ၇၅၀၀၊ ကလေး ဆောင်းထီးအသေး တစ်လက်လျှင် ငွေကျပ် ၅၀၀၀၊ လူကြီးဆောင်းထီး တစ်လက်လျှင်  ငွေကျပ်  ၈၀၀၀   ဖြင့်  ရောင်းချရကြောင်း သိရသည်။

ပြည်တွင်းခရီးသွားများက ရိုးရိုးပုသိမ်ထီးနှင့်  ကနုတ်ထီးတို့ကို  အဝယ်များပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များက ကနုတ်ထီးကို ပို၍အဝယ်များကြောင်း သိရသည်။