ပွင့်လင်းရာသီဖြစ်သည့်အတွက် ငါးခြောက် အရောင်းအဝယ် ပိုမိုကောင်းမွန်လာ

 

ပွင့်လင်းရာသီဖြစ်သည့်အတွက် ငါးခြောက် အရောင်းအဝယ် ပိုမိုကောင်းမွန်လာ

 

    ယခုအချိန်အခါသည်   ပွင့်လင်းရာသီဖြစ်သည့်အတွက်  အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ငါးခြောက်အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း  ဘုရင့်နောင်ကုန်စည်ဒိုင်မှ ငါးပိ၊ ငါးခြောက် ရောင်းချသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“အခုက   ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့    အလှူတွေလည်း   လုပ်လာကြတယ်။    ဒါကြောင့်  ငါးခြောက်ဈေးကောင်း ရပါတယ်။ ကုန်ကြမ်းရရှိတာလည်း အဆင်ပြေပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင်  ငါးခြောက်ကုန်ကြမ်းရရှိမှု အနေဖြင့် မွေးမြူရေးငါးများမှ ရရှိသည့်အပြင် သဘာဝအင်းငါးများနှင့် ပင်လယ်ငါးများမှလည်း ရရှိကြောင်း၊ ငါးခြောက်ဝယ်လိုအား ကောင်းမွန်နေပြီး   ဈေးကောင်းရရှိနေကြောင်း သိရသည်။

ငါးခြောက်ဈေးနှုန်းများ အနေဖြင့် ငါးတန်(အသားမျှင်) တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀၊ မြီးတံသွယ်(ချိုသန့်)တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ ပုစွန်ခြောက်မှုန့်(ရှယ်) တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရံ့ပြား(လတ်ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀၀၊ ရခိုင် ငါးကွမ်းရှပ်တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ ငါးနီတူ (ခေါင်းပြတ်)တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ ငါးနီတူ(ခြွေသေး) တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀၀၊ ငါးကြင်း(အကောင်)တစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀၀၊ သင်လုံး (လတ်ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၊ ငါးရံ့(လုံးကြီး)တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀၀၊ ငါးနီတူ(ခေါင်းပါ) တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀၊ ပုစွန်ခြောက်(ရှယ်) တစ်ပိဿာလျှင်  ငွေကျပ်  ၇၅၀၀၀၊    ငါးကြင်း(အတုံး)တစ်ပိဿာလျှင်  ငွေကျပ် ၁၉၀၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။

ငါးခြောက်ဈေးကွက်အနေဖြင့်    ပွဲရုံကြီးများ၌   လက်ကားဝယ်ယူမှု နည်းသော်လည်း  အွန်လိုင်းမှတစ်ဆင့် လက်လီဝယ်ယူမှုမှာ ရောင်းအား ပိုမိုကောင်းမွန်ကြောင်း သိရသည်။