နိုင်ငံလူမျိုးဘာသာ အကျိုး သယ်ပိုးစောင့်ရှောက် ဦးနာအောက်

 

နိုင်ငံလူမျိုးဘာသာ အကျိုး သယ်ပိုးစောင့်ရှောက် ဦးနာအောက်

 

(နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ ဂုဏ်ပြုဆောင်းပါး)

    ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့သည် မွန်တိုင်းရင်းသားတို့၏  အထွတ်အမြတ်ထားရာ    မွန်ပြည်နယ်နေ့အခါသမယဖြစ်သည်။  မွန်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍    လေ့လာကြည့်ရာ   မွန်ပြည်နယ်ဟု  သတ်မှတ်ခေါ်ဝေါ်ခြင်း မပြုမီအချိန်က မွန်ပြည်နယ်၏နယ်မြေများ ဖြစ်သည့်  မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်  (၁)အဖြစ် လည်းကောင်း၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်(၂)အဖြစ် လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ မိမိတို့မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၉၇၄ ခုနှစ် မတ်လ ၁၉ ရက်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ   တနင်္သာရီတိုင်းအမှတ် (၁)အား မွန်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုသို့သတ်မှတ်သော မတ်လ ၁၉ ရက်အား မွန်ပြည်နယ်နေ့အဖြစ် ကျင်းပခြင်းဖြစ်ရာ ယခုနှစ်ဆိုလျှင် နှစ်(၅၀) ပြည့် ရွှေရတုအခါသမယပင် ရောက်ခဲ့ပြီဖြစ်သည်။

ရွှေရတုမွန်ပြည်နယ်နေ့ အခါသမယဝယ် စာရေးသူအနေဖြင့် နိုင်ငံလူမျိုးဘာသာအကျိုးကို တတ်စွမ်းသည့်ဘက်မှ သယ်ပိုးစောင့်ရှောက်ပေးခဲ့သော မွန်တိုင်းရင်းသား ဦးနာအောက်အကြောင်းကို  တင်ပြကာ    မွန်ပြည်နယ်နေ့အား ဂုဏ်ပြုချင်ပါသည်။

ဦးနာအောက်သည်ကား၁၉ ရာစုနှစ်များတွင် ကျော်စောထင်ရှားသော မွန်တိုင်းရင်းသားများထဲတွင်  တစ်ဦးအပါအဝင်ဖြစ်ကာ “သက် ၈၀ ပြည့်မြောက် ၊ကုသိုလ်ထောက် ကျန်းမာ၊ သိန်းငါးဆယ် ရတနာဌေးတယ်၊ အေးတဲ့ဘယာ၊ စက် လယ် ခြံ ဆင် မြင်းနှင့်၊ ကုန်ရင်းတဲ့ သင်္ဘောပါ၊ ဂေဟာပရိပ်ကောင်း၊ ဦးနာအောက်ကယ်လို့၊  တစ်ယောက်နာပံကြူခဲ့၊ ကုသိုလ်မူတကယ်လှတယ်၊ ရှေးဒါနကောင်း”ဟု စာသညွှန်းဖွဲ့ခံရသူဖြစ်သည်။ စာရေးသူအနေဖြင့်  လေ့လာသိရှိသမျှ တင်ပြရသော်-

ဦးနာအောက်၏ငယ်ဘဝ

    ဦးနာအောက်ကို     ကရင်ပြည်နယ် ဘားအံမြို့နယ်   ဖဲကတာချောင်းဖျားရှိ ကော့ကွန်းသူကြီးအုပ်စုဝင် မွန်ကျေးရွာကလေးဖြစ်သော     ခရဲကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၁၉၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက်၊ ခရစ်နှစ် ၁၈၃၂-ခု၊ မေလ ၁၇ ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းငါးယောက်အနက် စတုတ္ထမြောက် သားဖြစ်ကာ    ငယ်နာမည်မှာ မောင်အောက်ဖြစ်သည်။   မိဘနှစ်ပါးမှာ ဆင်းရဲသောကြောင့်  ငယ်စဉ်ကချို့တဲ့စွာနေခဲ့ရသည်။

အရွယ်ရောက်ချိန်တွင် မောင်အောက်အား ပညာသင်ကြားရန်  ကော့မယ်ခရ ဘုန်းတော်ကြီးထံ၌ မိဘနှစ်ပါးက အပ်နှံလေသည်။  ဘုန်းတော်ကြီးကျောင်းတွင် ပညာကိုကောင်းစွာ    မသင်ကြားနိုင်ဘဲ ကျောင်းမှထွက်ကာ   ကျွဲကျောင်းသား၊ နွားကျောင်းသားဘဝဖြင့်   ဆင်းရဲသော မိဘနှစ်ပါးကို ကူညီရသည်။

ဘဝတိုးတက်အောင်ကြိုးစားအားထုတ်မှု

    လူလားမြောက်အရွယ်သို့ ရောက်ရှိလာသောအခါတွင် မိဘနှစ်ပါး ကွယ်လွန်သောကြောင့် ကတိုး၊ ကော့နှတ်ရွာနှင့် တစ်ဆက်တည်းဖြစ်သော သံဃာပိုင်ရွာရှိ ၎င်း၏အစ်မကြီးရှိရာသို့     သွားရောက်နေထိုင်ကာ    အစ်မ၏ လယ်မြေတွင် လယ်သမားအဖြစ်    ဝင်ရောက်လုပ်ကိုင်သည်။ ထို့နောက် ကော့နှတ်ရွာရှိ သူဌေးကြီး ဦးထော်အာထံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ သူဌေးကြီးဦးထော်အာသည် ရိုးသားသော မောင်အောက်အား    အလုပ်သမား ခေါင်းဆောင်ခန့်ပြီး သစ်တောကြိုးဝိုင်းသို့ မိမိ၏လူယုံအဖြစ်နှင့် စေလွှတ်၍ သစ်လုပ်ငန်းကို လုပ်ကိုင်စေသည်။ မောင်အောက်သည် သစ်တောကြိုးဝိုင်းတွင် သူဌေးကြီးအလိုကျ သစ္စာရှိရှိဖြင့်    လုပ်ကိုင်ဆောင်ရွက်ပေးသဖြင့်   အတော်ဆုံးနှင့်သစ္စာအရှိဆုံး အလုပ်သမားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကာ    ဆုငွေများချီးမြှင့်ပြီး သူကောင်းပြုလေသည်။  ထိုသို့အလုပ် ကြိုးစားမှု၊ စည်းကမ်းရှိမှုတို့ကြောင့် ပစ္စည်းဥစ္စာများ  စုဆောင်းမိလာကာ သူဌေးကြီးဦးထော်အာထံမှ     အလုပ်ခွဲထွက်ကာ ၎င်းကိုယ်ပိုင်သစ်လုပ်ငန်းကို     စတင်လုပ်ကိုင်လေတော့သည်။

ထိုအချိန်၌တနင်္သာရီတိုင်းသည် အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီး မြန်မာပြည်အထက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသော အချိန်အခါဖြစ်လေသည်။   သက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက် ရှမ်းပြည်နယ်နှင့်  ကယားပြည်နယ်တွင် အင်္ဂလိပ်တို့ကို   ခုခံတိုက်ခိုက်ကြသည်။ ထို့ကြောင့် ရှမ်းနှင့်ကယား တိုင်းရင်းသားတို့ကို အင်္ဂလိပ်တို့က ဆက်လက်နှိမ်နင်း နေရလေသည်။ နောက်ဆုံးတွင် တိုင်းရင်းသားများသည် အားမတန်၍ မာန်လျှော့ကာ အင်္ဂလိပ်တို့နှင့်စေ့စပ်၍ စစ်ပြေငြိမ်းရလေသည်။ သို့သော် ကယားစော်ဘွားတို့က မိမိတို့ပိုင်   သစ်တောများဖြစ်ကြသော လွယ်ကော်၊ မယ်ဖ၊ မယ်ခဲ၊ သဖန်းချောင်း သစ်တောများကို    ဈေးသက်သာစွာဖြင့် တိုင်းရင်းသား ညီအစ်ကိုတော်ဖြစ်သည့် မွန်လူမျိုးဦးနာအောက်အား သစ်ထုတ်ခွင့် ပေးလိုက်လေသည်။ ရှမ်းစော်ဘွားများကလည်း    ၎င်းတို့ပိုင် သစ်တောများမှ နန်းဖဲတောကိုလည်း ဦးနာအောက်အား ဈေးနှုန်းချိုသာစွာ  လုပ်ကိုင်ခွင့်ပေးရာ ထိုနှစ်ဦးမှာပင် ဦးနာအောက်သည် စုစုပေါင်းအမြတ်ငွေ ၁၀ သိန်းခန့်ရရှိကာ ထိုအမြတ်ငွေ ၁၀  သိန်းဖြင့်    သစ်ထုတ်လုပ်ရေး လုပ်ငန်းကို တိုးချဲ့လိုက်သည်။

ထိုသို့လုပ်ကိုင်ရာတွင်    သံလွင်မြစ် အရှေ့ဘက်   ယိုးဒယား(ထိုင်း)ပြည်တွင် မယ်ဟောင်ဆွန်   သစ်တောကြိုးဝိုင်းကို အခွန်ဆောင်ပြီး မိမိကိုယ်တိုင်ကြီးကြပ်၍ ဆင်ပေါက်အစီး ၄၀နှင့် သစ်ထုတ်လုပ်ရေး လုပ်ငန်းကိုလုပ်ကိုင်ရာ   အမြတ်အစွန်း များစွာရလာပြန်၏။  လုပ်ငန်းကို တွင်ကျယ်လာအောင် မယ်ဟောင်စွန် သစ်တောကို တူဖြစ်သူနှစ်ဦးအား  ဆင်  ၄၆ စီးနှင့် ကြီးကြပ်ခိုင်းစေပြီး မိမိမှာမူ ရှမ်းပြည်ရှိ မောင်းမဲသစ်တောနှင့် ကယားပြည်နယ်ရှိ ဖားစောင်းသစ်တောကို ဆက်လက်လုပ်ကိုင် ပြန်သည်။ ဦးနာအောက်သည် သစ်တောလုပ်ငန်းတွင် များစွာအောင်မြင်မှုရလာသည်။

နယ်ချဲ့အရင်းရှင်များနှင့်စီးပွားရေးယှဉ်ပြိုင်ခြင်း

    ထို့နောက် ကော့နှတ်ရွာသို့ပြန်လာသော အခါတွင် ချစ်တီးကုလားနှင့် ဘာဘူကုလားများသည်   တိုင်းရင်းသားဖြစ်ကြသော တောင်သူလယ်သမားများအား မတန်မဆသော အတိုးနှုန်းဖြင့် ငွေချေးပြီး သွေးစုပ်ခြယ်လှယ်နေသည်ကို    တွေ့မြင်ရပေသည်။

စိတ်ထဲတွင် မခံချင်စိတ်ဖြစ်ကာ ထိုချစ်တီးကုလားနှင့် ဘာဘူကုလားများကို ယှဉ်ပြိုင်ရန်အတွက်  ငွေတိုးချစားခြင်းနှင့် စပါးရောင်းဝယ်လုပ်ငန်းကို    တိုးချဲ့စမ်းသပ်လုပ်ကိုင်ရာ    အစပိုင်းတွင် လုပ်ငန်းကျွမ်းကျင်မှု မရှိ၍ အရှုံးနှင့်ရင်ဆိုင်ရသော်လည်း    နောက်ပိုင်းတွင် ချစ်တီးတို့ စိတ်တိုင်းကျ လက်ဝါးကြီးအုပ် ခြယ်လှယ်ခွင့်မရအောင်     စွမ်းဆောင်ခဲ့သည်။ ဆင်းရဲသားဘဝမှ ချမ်းသာလာသူဖြစ်၍ ဆင်းရဲသားများကို စာနာစိတ်ထားကာ ကရုဏာစိတ်ထား၍ ကူညီထောက်ပံ့ခြင်း၊ ဆုံးမသွန်သင်ခြင်းတို့  အလျဉ်းသင့်သလို ပြုလုပ်ပေးပြီး လက်အောက်ငယ်သားများကိုလည်း   ငွေကြေးစုဆောင်းမိအောင် သွန်သင်လမ်းပြရုံမက လိုက်နာဆောင်ရွက်သူများအား ချီးမြှင့်မြှောက်စားသည်။

ထို့ပြင် ဦးနာအောက်သည် အင်္ဂလန်နိုင်ငံ စကော့တလန်ပြည်  ဂလာစဂိုမြို့ရှိ မက္ကီအင်ဘက္ကစတာ ကုမ္ပဏီထံမှ သင်္ဘောများနှင့် စက်ပစ္စည်းများကို ဦးရွှေလေးအား စေလွှတ်၍   မှာကြားဝယ်ယူလေသည်။ သင်္ဘောလွန်းတင်ရန်အတွက် သင်္ဘောကျင်းကို မုတ္တမမြို့ ဆီဆုံရပ်၌ တည်ဆောက်လေသည်။ ထိုသင်္ဘောကျင်းကို  သက္ကရာဇ် ၁၂၆၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးပြီး ၎င်းပိုင်သော    မီးသင်္ဘောကိုးစင်းတွင် သင်္ဘောသားအားလုံးကို တိုင်းရင်းသားများသာ ခန့်ထားပြီး သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္ထရံမြစ်များတွင် ပြေးဆွဲခဲ့သည်။

သင်္ဘောခများကို အင်္ဂလိပ်ပိုင် ဧရာဝတီ ကုမ္ပဏီက သင်္ဘောခများထက် လျှော့ပေါ့စေပြီး ဘုန်းတော်ကြီး၊   ရှင်သာမဏေ၊ သီလရှင်၊ လူအိုနှင့်ကလေးငယ်များအား အခမယူဘဲ နိဗ္ဗာန်ကူးတို့အဖြစ် သတ်မှတ်၏။   ထို့ကြောင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လက်ဝါးကြီး အုပ်ထားသော   အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ပိုင်   ဧရာဝတီဖလော်တီလာ ကုမ္ပဏီကြီးသည် သူ၏စီးပွားရေးကွက်ထဲသို့  ဝင်ရောက်လာသော တိုင်းရင်းသား အရင်းရှင် ဦးနာအောက်ပိုင် သင်္ဘောများကို မလိုလားမနှစ်သက်ချေ။ ထို့ကြောင့် ဦးနာအောက်သင်္ဘောက     တစ်ကျပ်နှုန်းယူလျှင် ဧရာဝတီကုမ္ပဏီက တစ်ဝက်လျှော့ကာ ငါးမူး (၅၀ ပြား)နှုန်းယူလေ၏။ ဦးနာအောက်က   တစ်မတ် (၂၅ ပြား)နှုန်းလျှော့လိုက်၏။   ဧရာဝတီက တစ်မူး (၁၀ ပြား) ဧရာဝတီက တစ်ပဲ (၅ ပြား) နောက်ဆုံးတွင် အခမဲ့တင်လာသည်အထိ တိုက်ပွဲဆင်လာကြ၏။

ဦးနာအောက်၏သင်္ဘောများ ဆိပ်ကမ်းတွင် မဆိုက်ကပ်နိုင်အောင် သင်္ဘောဆိပ်ကမ်း မှန်သမျှ မိမိတို့သင်္ဘောများသာ ဆိုက်ကပ်ခွင့်ရရန်   ဧရာဝတီသင်္ဘော ကုမ္ပဏီသည် အခွန်ဆောင်၍ဝယ်ယူလေသည်။ ဦးနာအောက်၏   သင်္ဘောများ ဆိုက်ကပ်ရန် သင်္ဘောဆိပ်ကမ်း မရှိသဖြင့် အခက်အခဲတွေ့ရလေ၏။ ထိုအခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဝင်လည်းဖြစ် ကတိုးရွာရှိ တိုင်တစ်လုံး အိမ်ပိုင်ရှင်လည်းဖြစ်သော ဦးရွှေလေးက    ဧရာဝတီကုမ္ပဏီသည် ဆိပ်ကမ်းကိုအခွန်ဆောင်၍ ကုမ္ပဏီပိုင်ဖြစ်အောင် လုပ်နိုင်သကဲ့သို့ မြစ်ချောင်းအားလုံးကို ဦးနာအောက် ပိုင်ဖြစ်အောင် အကြံပေးသဖြင့် သူ၏အကြံပေးချက်အရ မြစ်ချောင်းအားလုံးကို အခွန်ဆောင်လိုက်သောကြောင့် အင်္ဂလိပ်ပိုင် ဧရာဝတီကုမ္ပဏီမှ  သင်္ဘောများသည် မြစ်ချောင်းတို့တွင် ပြေးဆွဲနိုင်ခြင်း မရှိတော့ချေ။    ဧရာဝတီကုမ္ပဏီက ဆိပ်ကမ်းများပိုင်ပြီး   ဦးနာအောက်က မြစ်ချောင်းများ ပိုင်လေသည်။    ထိုကဲ့သို့ ဖြစ်လာသောအခါ ခရီးသည်များ သွားလာရေး ခက်ခဲလာကာ နောက်ပိုင်း၌ တရားရုံးတွင် ဖြေရှင်းကြလေသည်။ တရားရုံးမှ ခရီးတစ်ခုခုအတွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာရာတွင်  ဧရာဝတီသင်္ဘောသည်   ဦးနာအောက် သင်္ဘောထက် အချိန်စောစွာ ထွက်စေပြီး ဦးနာအောက် သင်္ဘောထက်ဦးစွာ ဆိုက်ရောက်ရမည်ဟု ဆုံးဖြတ်ချက်ချ ခံခဲ့ရလေသည်။

သာသနာအကျိုးသယ်ပိုးမှု

ဦးနာအောက်သည် ၁၂၄၀ ပြည့်နှစ်တွင် မန္တလေး  မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၌  ပရိယတ္တိစာပေများကို လေ့လာသင်ကြားနေကြသော မွန်ဆရာတော် ဦးပညာဓမ္မကို ကော့နှတ်ရွာတွင် ပရိယတ္တိစာသင်တိုက် ဖွင့်လှစ်ရန် မန္တလေးမှ ၎င်း၏ မွေးရပ်မြေကော့နှတ်ရွာသို့  ပင့်လာခဲ့ပြီး ကျောင်း၊ သိမ်နှင့်ဇရပ်များ၊  ခရုံရွာတွင် ကျောင်းတစ်ကျောင်း၊ မော်လမြိုင်တောင်ဝိုင်းရပ်တွင် “ပန်းဥယျာဉ်ကျောင်း”သိမ်ကျောင်းကြီး၊ ကော့နှတ်ရွာစာသင်တိုက်၊   ဆွမ်းစားဆောင်နှင့် ဘုရားတန်ဆောင်း၊ အတုမရှိကျောင်း၊ ရက်ကန်းစင်ကျောင်း (ယခုပျက်စီး)၊ နှစ်ကျိပ်ရှစ်ဆူဝတ် တန်ဆောင်း၊ ဒီပင်္ကရာဝတ်တန်ဆောင်း၊ မဟာဝိဇယသိမ်တော်ကြီး၊ ဆုတောင်းပြည့်ဝတ်တန်ဆောင်း၊ မဟာစေတီကြီးနှင့် ဆုတောင်းပြည့်စေတီများ တည်ထားကိုးကွယ်ခဲ့ကာ အလှူအတန်းများလည်း များစွာပြုလုပ်ရင်းဖြင့် သက္ကရာဇ် ၁၂၇၅ ခုနှစ် နယုန်လဆုတ် ၁၂ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၅  မိနစ်အချိန်၊ အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်ဟု လေ့လာသိရှိရသည်။

အချုပ်အားဖြင့်ဆိုရသော် မွန်တိုင်းရင်းသား ဦးနာအောက်၏ အခြေခံ လူတန်းစားဘဝမှ သစ်လုပ်ငန်းရှင်၊ ဆန်ကုန်သည်၊ မီးသင်္ဘောများ၏ ပိုင်ရှင်ဘဝများ ရရှိအောင် ရိုးသားကြိုးစားမှု၊   နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်ဖြင့်   နယ်ချဲ့အင်္ဂလိပ်ကိုပင် စီးပွားရေး ယှဉ်ပြိုင်ခဲ့မှုနှင့် ဘာသာသာသနာ မညှိုးနွမ်းအောင် တတ်စွမ်းသမျှ ဆောင်ရွက်မှုတို့မှာ     အားကျအတုယူ လေးစားဖွယ်ကောင်းလှပေသည်။ ထို့ကြောင့်”နိုင်ငံလူမျိုး ဘာသာအကျိုး  သယ်ပိုးစောင့်ရှောက် ဦးနာအောက်”ဟုညွှန်းဆို ရေးသားကာ ရွှေရတုမွန်ပြည်နယ်နေ့အား ဂုဏ်ပြုလိုက်ပါသည်။   ။

မနောသစ် (ပခုက္ကူ)