ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကာ ပြိုင်ဘက်အသင်း ကစားသမားများကို တိုက်ခိုက်ခဲ့သည့် အတွက် ထရန်ဇွန်စပေါလ် အသင်း ပြင်းပြင်းထန်ထန် အရေးယူခံရဖွယ်ရှိနေ

 

ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကာ ပြိုင်ဘက်အသင်း ကစားသမားများကို တိုက်ခိုက်ခဲ့သည့် အတွက် ထရန်ဇွန်စပေါလ် အသင်း ပြင်းပြင်းထန်ထန် အရေးယူခံရဖွယ်ရှိနေ

 

တူကီယဲစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၀) အဖြစ် ကစား သည့် ထရန်ဇွန်စပေါလ် အသင်းနှင့် ဖီနာဘာချီအသင်း တို့ပွဲစဉ်တွင် ထရန်ဇွန်စပေါလ်အသင်း ပရိသတ်များကွင်းအတွင်း  ကျူးကျော်ဝင်ရောက်ကာ  ဖီနာဘာချီ အသင်းကစားသမားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက်   တူကီယဲနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထရန်ဇွန်စပေါလ်အသင်းကို ပြင်းပြင်းထန်ထန် အရေးယူမှု ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

ဖီနာဘာချီအသင်းက ထရန်ဇွန်စပေါလ် အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌   ပွဲချိန် ၈၇ မိနစ်တွင်  ဘတ်ချူဝါရီက  ဖီနာဘာချီအသင်း အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက်   အိမ်ရှင်ထရန်ဇွန် စပေါလ်အသင်း ပရိသတ်များက ကွင်းအတွင်းသို့ အရာ ဝတ္ထုများဖြင့် ပစ်ပေါက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင်  ပရိသတ်တချို့က  ကွင်းအတွင်းသို့  ဝင်ရောက်ကာ  ဖီနာဘာချီအသင်း ကစားသမားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထရန်ဇွန်စပေါလ်အသင်း ပရိသတ်များ ကွင်းအတွင်း  ဝင်ရောက်ကာ  ပြိုင်ဘက်အသင်း ကစားသမားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဝင်ရောက် ထိန်းသိမ်းခဲ့ရပြီး ပရိသတ်တချို့ကိုလည်း  ဖမ်းဆီးထိန်းသိမ်းခြင်းများ  လုပ်ဆောင်ခဲ့ရသည်။

အဆိုပါဖြစ်ရပ်အတွက်  တူကီယဲနိုင်ငံ  ပြည်ထဲရေးဝန်ကြီး မီချီဘစ်ရှုရီကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး တူကီယဲနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း အရေးယူ မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။