ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌ ရာသီပေါ်သီးနှံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေ

 

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌ ရာသီပေါ်သီးနှံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေ

 

    ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေး၌  အနယ်နယ်အရပ်ရပ်မှ   စိုက်ပျိုးထွက်ရှိသော ဖရဲ၊ သခွားမွှေး၊ သင်္ဘောသီးနှင့် နာနတ်သီး   စသည့်ရာသီပေါ်သီးနှံများ လှိုင်လှိုင် ဝင်ရောက်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သီရိမင်္ဂလာဈေးမှ ဈေးတာဝန်ခံ ဦးအောင်လင်းဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဝင်ရောက်ရာတွင် ပြည်တွင်းစားသုံးမှု ပိုမိုများပြားသည့် ဖရဲသီးမှာ အရောင်း ပိုသွက်ကြောင်း၊ ဖရဲသီးကို မြန်မာနိုင်ငံ အနှံ့အပြား၌   စိုက်ပျိုးကြကာ  လက်ရှိတွင် သီရိမင်္ဂလာဈေးရှိ ဖရဲသီးဒိုင်များသို့ ခရမ်း၊ ပြွန်တန်ဆာ၊ ပျော်ဘွယ်၊ ပြည်၊ နတ်တလင်း၊ ပေါင်းတည် စသည့်ဒေသများမှ ထွက်ရှိသောဖရဲသီးများ အဝင်များနေကြောင်း၊ ယခုအခါ သီရိမင်္ဂလာဈေးသို့ တစ်ရက်လျှင် ၁၂ ဘီးကား လေးစီးခန့်ဖြင့် ဖရဲသီးများ ဝင်ရောက်လျက်ရှိပြီး ဖရဲသီးဒိုင်များမှ   နေ့စဉ်   ဖရဲသီးအလုံးရေ ၅၀၀၀ ခန့်အထိ ရောင်းချနေရကြောင်း သိရသည်။

“ဖရဲသီးက ဝမ်းအေးစာဖြစ်ပြီး အခုလို ပူတဲ့ရာသီဥတုမှာ အရောင်းသွက်နေတဲ့အတွက် လတ်တလောမှာ သီရိမင်္ဂလာဈေးကို ဖရဲသီးတွေ လှိုင်လှိုင် ဝင်ရောက်နေပါတယ်။ ဝင်ရောက်လာတဲ့ ဖရဲသီးတွေကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း   အဓိကထား ဖြန့်ဖြူးရောင်းချပါတယ်။ အနီးအနားက တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကိုလည်း ပြန်ပြီးဖြန့်ဖြူးရောင်းချတာတွေ ရှိပါတယ်။ ဒီနှစ်က ဖရဲသီးတွေ အရောင်းအဝယ် ကောင်းနေပြီး ဈေးကောင်းလည်း ရတဲ့အတွက်    ဖရဲစိုက်တောင်သူတွေ အကျိုးအမြတ်ရကြပါတယ်”ဟု ဦးအောင်လင်းဦးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ  ၃၀၀၀  အတွင်းရှိသော ဖရဲသီးများ   အရောင်းအဝယ် ကောင်းမွန်နေပြီး    ဖရဲသီးတစ်လုံးလျှင် အမြင့်ဆုံးဈေး ငွေကျပ် ၈၀၀၀ အထိရှိကာ အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းအသီးသီး ရှိကြောင်း  သိရသည်။