တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ  ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ  ဖမ်းဆီးရမိ

 

နေပြည်တော် မတ် ၁၉

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်၊ ကံမမြို့နယ်၌ တရားမဝင် အခြားသစ် (၄ ဒသမ ၆၉၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၆၅၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ငဖဲမြို့နယ်၊   ဆုံကုန်းကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ(၁၅)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ  ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၉၆၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၆ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် ရေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ပန်းသစ်တော်သီး (၁၈၀၀) ကီလိုဂရမ်၊ Motul  အင်ဂျင်ဝိုင် (၂၈)ဘူးအပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီးနှင့် Hyundai Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ မတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ(၁ ဒသမ ၆၈၅)တန်၊  အခြားသစ် (၅ ဒသမ ၂၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၂၆၄) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၉၆၅၂၆၄)ကို    ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျ ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၆ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ မီးရထားကုန်လှောင်ရုံဝင်း အတွင်း၌ ကုန်ရထားတွဲ (၈) တွဲပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Vitamilk  ပဲနို့ (၁၂၀၀၀)ဘူး၊ Lactasoy ပဲနို့ (၁၉၅၃၅) ဘူး၊ Queen အချိုရည် (၃၀၆၀) ပုလင်း၊ Sponsor  အချိုရည် (၁၁၉၀၄) ဘူး၊   Spy Wine (၄၁၂၈)ပုလင်း၊  Diablo Beer (၁၆၈၀) ဘူး၊ ကျန်းမာရေးဖြည့်စွက် အားဆေး TC-ShineSoft Cap (၁၆၀၀) ဘူး  အပါအဝင် ကုန်ပစ္စည်း (၁၀)မျိုးနှင့် နိုင်ငံခြားဖြစ် ဆေးဝါး(၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၇၁၅၀၀၀)ကို  အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မတ်လ ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမအနီး၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊  နည်းပညာ တက္ကသိုလ် ဝင်ပေါက်အနီး၌   လိုင်စင်မဲ့ Toyota Vellfire မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)တို့ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၇၁၅၀၀၀)ကို   ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊   ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် AA တံဆိပ်ပါ စားတော်ပဲအိတ် (၃၇၀)အိတ်၊ ပင်လယ်စာအစုံ (၂၂၀)အိတ်၊ Iron Wire Nail တံဆိပ်ပါ အိမ်ရိုက်သံ(၂၀၀)ဖာ၊ တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ(၁၂၀)အိတ်၊ တရုတ်နိုင်ငံထုတ် ပဲကော (၈၀)အိတ်အပါအဝင် ကုန်ပစ္စည်း (၃၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၀၂၈၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ABC ဘီယာ (သံဘူးအတို) (၂၀)ဖာ၊ Tiger  Crystal   ဘီယာ(သံဘူးအတို) (၅၀)ဖာအပါအဝင်  ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၈၅၁၄၀၀၀)ကို ယစ်မျိုးဥပဒေအရ လည်းကောင်း၊ ကန့်ဘလူမြို့နယ်၌ တရားမဝင် အခြားသစ် (သုည ဒသမ ၄၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၇၀၀)ကို    သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၄၇၈၆၇၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၇၇၅၆၆၅၉)  ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။