အသည်းကင်ဆာရောဂါ အကြောင်း တစေ့တစောင်း

 

အသည်းကင်ဆာရောဂါ အကြောင်း တစေ့တစောင်း

 

    လက်ရှိမှာ အသည်းကင်ဆာက အဖြစ်များလာတဲ့ ရောဂါတွေထဲမှာ ပါဝင်လာပါတယ်။ အမျိုးသားအများစုနဲ့ အရက်သောက်တတ်သူတွေမှာ အသည်းကင်ဆာ ရောဂါအဖြစ် များလာပါတယ်။ ဒေသလုပ် ချက်အရက်တွေမှာ ဆာလ်ဖျူရစ်အက်စစ်ပြင်း၊ ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ အင်ဒရင်း စတဲ့ပစ္စည်းတွေကို မြန်မြန်အချဉ်ပေါက်အောင် ထည့်ချက်ကြတဲ့အခါ သောက်တဲ့သူတွေ အသည်းကင်ဆာ ရောဂါဖြစ်လာကြပါတယ်။

အသည်းကင်ဆာ ရောဂါဖြစ်ပွားမှုက ဒေသလုပ်ချက်အရက်၊ အသည်းရောင်ဘီပိုး၊ အသည်းရောင် စီပိုးကူးစက်မှုတွေနဲ့ ဆက်နွှယ်နေပါတယ်။ အယ်ဖာတောက်ဆင်မှိုကလည်း    အသည်းကင်ဆာဖြစ်စေပါတယ်။ မြေပဲမှို၊ ငရုတ်သီးမှို၊ ကွမ်းသီးမှိုတွေမှာ အယ်ဖာတောက်ဆင်မှိုတွေ ပါဝင်ပါတယ်။ ဆီကြိတ်စက်မှာ မှိုရှိနိုင်ပါတယ်။ ဆီစားသုံးမှု မြင့်တက်လေ အသည်းအဆီဖုံးရောဂါဖြစ်လေ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ ရောဂါဖြစ်နိုင်လေဖြစ်ပါတယ်။ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ရှိပေမယ့် အသည်းကင်ဆာရောဂါက အယ်ဖာတောက်ဆင်မှိုကြောင့်ဖြစ်နိုင်ပါတယ်။

အသည်းကင်ဆာကို  အာထရာဆောင်း (Ultra-sound)ရိုက်ပြီး သိနိုင်တယ်။ အာထရာဆောင်းနဲ့ မမြင်နိုင်ရင် နောက်ဆုံးပေါ် CT Scan ၊ MRI နဲ့ ရှာဖွေသိရှိနိုင်ပါတယ်။ အသည်းအသားစယူပြီး Biopsy လုပ်ကြည့်ရင်လည်း သိနိုင်ပါတယ်။   ပုံမှန်အနေနဲ့ သွေးစစ်လို့  အသည်းအင်ဇိုင်း  (SGPT,SGOT)မြင့်မားနေပြီး အယ်ဖာဖီတိုပရိုတင်း (Alpha Feto-protein)များတယ်ဆိုရင် အသည်းကင်ဆာ ဖြစ်နေပါပြီ။ ခွဲစိတ်ဖို့လိုအပ်ရင် အသည်းအသားစ ယူပါတယ်။

ကုသမှုအနေနဲ့ အရင်တုန်းက အသည်းကင်ဆာရောဂါဖြစ်ရင် ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ဖယ်ထုတ်ကြတယ်။  ပြည်ပကိုသွားပြီး အသည်းအစားထိုး ကုသမှုခံယူရာမှာလည်း သွေးနီးသူ သားသမီး ဒါမှမဟုတ် ညီအစ်ကို၊ မောင်နှမတွေဆီကအသည်းအလှူခံပြီး အသည်းအစားထိုး ကုသမှုပြုလုပ်ကြပါတယ်။

အသည်းကင်ဆာဖြစ်ပြီး  ၁ စင်တီမီတာထက်လည်း နည်းနည်းသေးတယ်၊ တစ်နေရာတည်းမှာဖြစ်တယ်ဆိုရင် အသည်းကို ခွဲစိတ်ဖြတ်ထုတ်ပြီး ကုသလို့ရပါတယ်။ အသည်းတစ်ခုလုံးမှာဖြစ်နေရင် ကင်ဆာဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုလုံးကို    ဖြတ်ထုတ်ပြီး အသည်းအစားထိုး ကုသနိုင်ပါတယ်။

အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုးနဲ့အရက်ကြောင့် အသည်းကင်ဆာဖြစ်ရင်   ခွဲစိတ်ကုသပြီး ကင်ဆာဆေးသွင်း ကုသရပါတယ်။ အရင်က ကင်ဆာရောဂါကို ဆေးသွင်းကုသကြတယ်။ လူနာကို ဆေးသွင်းကုသရင် အဆိပ်အတောက် ဖြစ်စေတယ်။ဘေးထွက်ဆိုးကျိုးလည်း များတယ်။  သိပ်ပြီး ထိရောက်မှုမရှိပါဘူး။  အခုနောက်ပိုင်းမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုပဲရွေးပြီး ကုသတဲ့နည်း Molecular Targeted Therapy   မှာ  ဆိုဖီနာ့ဆေးမျိုး သုံးလာကြပါတယ်။ ကင်ဆာကို ကုသရာမှာ ထိုးဆေးရှိတယ်။ သောက်ဆေးရှိတယ်။   သောက်ဆေးက ဈေးကြီးပေမယ့်  အတော်များများအတွက် အသုံးတည့်ပါတယ်။ ဓာတ်ရောင်ခြည်နဲ့လည်း ကုသနိုင်တယ်။ လူနာရဲ့ ခန္ဓာကိုယ်ထဲကို အင်ဂျီယိုဂရမ် (Angiogram)နဲ့ရိုက်တယ်။ အသည်းကိုသွားတဲ့ သွေးကြောလေးတွေပျံ့နှံ့တာကို သိချင်တဲ့အတွက် သွေးကြောတွေကို အရင်ရိုက်တယ်။ ရိုက်ပြီးတော့ အလုံးက ၄ စင်တီမီတာ၊  ၆  စင်တီမီတာလောက်ပဲ ရှိမယ်ဆိုရင်     အဲဒီသွေးကြောတွေကို ပိတ်မယ်။   ဆေးပညာအရဆိုရင်   ကင်ဆာဆဲလ် ပိတ်ဆို့ခြင်းလို့ခေါ်တယ်။ အဲဒီသွေးကြောကနေ ကုသတာက တစ်ကြိမ်တည်းနဲ့တော့ မရပါဘူး။ အနည်းဆုံး လေးကြိမ်ကနေ  ရှစ်ကြိမ်အထိ  ကုသရပါတယ်။

သိပ်လည်းမကြီးဘူးဆိုရင် ဓာတ်ရောင်ခြည်ကုသမှုနဲ့  ကုသကြပါတယ်။ လူနာအတွက် ဘေးထွက်ဆိုးကျိုး နည်းစေပါတယ်။

အသည်းအစားထိုးခြင်းက   ကုန်ကျစရိတ်များရုံသာမက  ဆိုးကျိုးတွေများနိုင်ပါတယ်။ တကယ်လို့အဆုတ်နဲ့  ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို သိပ်မပျံ့နှံ့သေးဘဲ  ကင်ဆာက အသည်းမှာပဲဖြစ်နေတယ် ဆိုရင် အသည်းအစားထိုး ကုသတာ အောင်မြင်နိုင်ပါတယ်။ ငါးနှစ်ကနေ ၁၆ နှစ်လောက်အထိ အသက်ရှင်နေနိုင်ကြပါတယ်။ လက်ရှိမှာ အသည်းအစားထိုးတာအပြင် ပင်မဆဲလ်ကုထုံး၊ Nanotechnology တို့နဲ့ကုသဖို့ စမ်းသပ် ရှာဖွေနေကြပါပြီ။

အသည်းကင်ဆာကို ကုသလိုက်ပေမယ့်    ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ စီပိုးကို အသည်းဆရာဝန်တွေက ဆက်လက်ကုသပေးဖို့ လိုအပ်ပါတယ်။ စီပိုးရှိသူတွေက အသည်းအစားထိုးလည်း  စီပိုးက ပျောက်မသွားပါဘူး။  သွေးထဲမှာ ဆက်ရှိနေပါတယ်။ အဲဒါကြောင့် အသည်းဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ကုသရာမှာလည်း    ခွဲစိတ်ကုသတဲ့ ဆရာဝန်တွေအပြင် အသည်းဆရာဝန်တွေကလည်း    ဝိုင်းဝန်းကုသမှအောင်မြင်နိုင်မှာပါ။

ရောဂါဖြစ်နေတဲ့သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာဖို့လိုအပ်ပါတယ်။ မိသားစုဘက်ကလည်း နားလည်ပေးဖို့လိုအပ်ပါတယ်။   ဝိုင်းဝန်းအားပေးတာတို့၊ နှစ်သိမ့်ပေးတာတို့လည်း  အများကြီးလိုအပ်ပါတယ်။

အဖေနဲ့အမေမှာ အသည်းကင်ဆာ ရောဂါဖြစ်ခဲ့ရင် သားသမီးတွေရဲ့ သွေးထဲမှာရှိတဲ့ အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုးကို စစ်သင့်ပါတယ်။      မရှိဘူးဆိုရင်လည်း လူတိုင်းကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။

လူအများစုက အရက်အလွန်အကျွံ သောက်သုံးရင် အသည်းခြောက်ရောဂါ ဖြစ်နိုင်တဲ့အပြင် ကြာလာရင် အသည်းကင်ဆာဖြစ်နိုင်တယ်လို့ သိရှိထားပြီး တချို့သူတွေမှာ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်ဆိုတာ သိထားကြပါတယ်။

လက်ရှိမှာ ထိုင်းလူမျိုးတွေက အရက်၊ ဘီယာသောက်သုံးမှုနည်းလာလို့ အသည်းခြောက်ရောဂါ ဖြစ်သူနည်းလာပါတယ်။ ဒါပေမဲ့ အသည်းကင်ဆာဖြစ်သူ လျော့ကျမသွားပါဘူး။ ဒါဆိုရင် အရက်တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ    နေ့စဉ်စားသုံးနေတဲ့ စားသောက်မှုပုံစံကလည်း အသည်းကင်ဆာရောဂါဖြစ်စေနိုင်တဲ့  အဓိကအကြောင်းရင်း တစ်ခုအနေနဲ့ ဆက်နွှယ်နေပါတယ်။ အရက်ပါဝင်တဲ့ အစားအစာ

တွေအလွန်အကျွံစားသုံးတာက အသည်းခြောက်တာ ဒါမှမဟုတ် အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်။ အသည်းကင်ဆာ ရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုး ကူးစက်ခံရခြင်းကြောင့် ပိုဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ မိခင်ကနေကလေးကို  အသည်းရောင်ဘီပိုး၊ အသည်းရောင်စီပိုး ကူးစက်နိုင်ပါတယ်။ အိမ်ထောင်ဖက် အချင်းချင်းကူးနိုင်ပါတယ်။ မွေးရာပါ သံဓာတ်ပမာဏများတဲ့ ရောဂါ   (Hemochromatosis) က အသည်းတစ်သျှူးတွေကို   ဒဏ်ရာဖြစ်စေနိုင်ပြီး  အသည်းပျက်စီခြင်း ဖြစ်စေနိုင်ပါတယ်။   အသည်းကင်ဆာရောဂါက အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်းတို့နဲ့လည်း  ဆက်နွှယ်မှုရှိတာကြောင့် အသည်းကင်ဆာရောဂါကို   ကြိုတင်သိရှိကာကွယ်နိုင်ဖို့ ရေးသား တင်ပြလိုက်ရပါတယ်။      ။

ဒေါက်တာလွင်သန့်