မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက် ဦးရေ ၁ ဒသမ ၅ သန်းပြည့်မြောက်သည့် ဘုရားဖူး ဆရာတော်အား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုဆက်ကပ်

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများအနက် ဦးရေ ၁ ဒသမ ၅ သန်းပြည့်မြောက်သည့် ဘုရားဖူး ဆရာတော်အား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုဆက်ကပ်

 

နေပြည်တော် ၊ ၂၀၂၄ မတ်  - ၂၀

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာ ရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် ရက်နေ့မှစ၍ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ ယနေ့ထိ ဘုရားဖူးလာ သူပြည်သူ ၁ ဒသမ ၅ သန်း ကျော်အနက်မှ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှ ဆရာတော် ဦးပညောဘာသ သည် ဘုရားဖူးဦးရေ ၁ ဒသမ ၅ သန်း ပြည့်မြောက်သည့် ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ ၁ ဒသမ ၅ သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဆရာတော် ဦးပညောဘာသနှင့် ဘုရားဖူးအဖွဲ့အား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး ယာယီရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှုဆိုင်ရာများနှင့် ဦးရေ ၁ ဒသမ ၅ သန်းမြောက် ဘုရားဖူးဖြစ်လာရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။

ယင်း‌နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ ၁ ဒသမ ၅ သန်းမြောက် ဘုရားဖူးဖြစ်သည့် ဆရာ‌တော် ဦးပညောဘာသအား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ် ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူဆင်းတုတော်တစ်ဆူ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး (၁၂ လက်မ × ၁၈ လက်မ) မှန်ပေါင်သွင်း ဓာတ်ပုံတစ်ပုံတို့ကို အမှတ်တရဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုဆက်ကပ်ကြောင်း သိရှိရသည်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ     ၁ ဒသမ ၅ သန်းပြည့်မြောက်သူ ဘုရားဖူး ဆရာတော် ဦးပညောဘာသ၏ ကြည်နူးပီတိ စကားသံများကိုလည်း ယခုလို ကြားသိရပါတယ်-

ဆရာတော် ဦးပညောဘာသ   (တိုက်အုပ်ဆရာတော်၊ မိုးကုတ်ဝိပဿနာဓနုတ်ကျောင်းတိုက်၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)

“ဘုန်းဘုန်းအနေနဲ့   ဘုရားဖူးလာရင်း အမှတ်မထင်အခုလိုကံထူးခဲ့တဲ့အတွက် အမှတ် တမဲ့ကနေ  အမှတ်တရဘဝမှတ်တမ်း တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘုရားကြီးကို စပြီး အများ ပြည်သူဖူးမြော်ခွင့်ပြုလိုက်ကတည်းက ဖူးမြော်ချင်နေပေမယ့်   အကြောင်းကြောင်းကြောင့် မဖူးဖြစ်ခဲ့ပါဘူး။ ဒီနေ့ဆိုရင်လည်း မနက်ပိုင်းကတည်းက လာပြီးဖူးမြော်ဖို့စီစဉ်ထားတာပါ။ ကိစ္စလေးတစ်ခုပေါ်လာလို့    ညနေပိုင်းမှပဲ ဘုရားကြီးကို  အေးအေးလူလူဖူးမြော်မယ် ဆိုပြီးလာခဲ့တာပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဆုံးအကြိမ် လာရောက်ဖူးမြော်တဲ့အခါမှာပဲ ဘဝမှာပထမဆုံးအမှတ်တရဖြစ်ခဲ့တဲ့အတွက်  ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။  အခုလိုအမှတ်တရကြုံရတဲ့အတွက် ပိုပြီးတော့ ရင်ထဲမှာ လှိုက်လှိုက်လဲှလဲှဝမ်းသာပီတိဖြစ်မိပါတယ်။  အခုလက်ရှိမှာလည်း အနယ်နယ်အရပ်ရပ်က   ဘုရားဖူးပြည်သူတွေ အများအပြား လာရောက်ဖူးမြော်နေကြတာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိသလို နောက်နောင်မှာလည်း ဘုရားဖူးရင်း  ဦးဇင်းလိုပဲ ဘဝအမှတ်တရ တွေရယူနိုင်ဖို့အတွက်      ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ ဖိတ်မန္တကပြုလိုက်ပါတယ်”ဟု မိန့်ကြားသည်။