ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

ငြိမ်းချမ်းသာယာဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး

 

(ကမ္ဘာ့ရေနေ့အထိမ်းအမှတ်အကြိုဂုဏ်ပြုဆောင်းပါး)

    ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်သည် ကမ္ဘာ့ရေနေ့ဖြစ်သည်။ ၁၉၉၃ ခုနှစ်မှစတင်ကာ ရေသယံဇာတထိန်းသိမ်းရေး၊ ရေအခက်အခဲ မကျရောက်စေရေး၊ ရေကိုစနစ်တကျ သုံးစွဲတတ်စေရေး၊ ရေချို၏အရေးပါမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော  ရေချိုအရင်းအမြစ် စီမံထိန်းသိမ်းရေး   ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂက နှစ်စဉ် မတ်လ ၂၂ ရက်ကို  ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ  နိုင်ငံများအလိုက် ကမ္ဘာ့ရေနေ့ အခမ်းအနားများ ကျင်းပလျက်  ရေသယံဇာတ၏အရေးပါမှုနှင့် စနစ်တကျ စီမံခန့်ခွဲတတ်စေရန်  လှုံ့ဆော်အသိပညာပေးမှုများ ပြုလုပ်ကြသည်။

ကုလသမဂ္ဂအနေဖြင့် နှစ်စဉ် ကမ္ဘာ့ရေနေ့ ကျရောက်တိုင်း  ဆောင်ပုဒ်တစ်ခုစီ ချမှတ်ပေးလျက်ရှိရာ ယခု၂၀၂၄ ခုနှစ်   ကမ္ဘာ့ရေနေ့အတွက် ဆောင်ပုဒ်မှာ “ငြိမ်းချမ်းသာယာ ဝပြောရေး ရေကဏ္ဍကိုမြှင့်တင်ပေး”ဟူ၍ဖြစ်သည်။ ယနေ့ကာလတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိကို  “ရေဆိုင်ရာ  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် အကောင်အထည်ဖော်ရန် ဆယ်စုနှစ်အဖြစ်” ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်မှတ်ထားရာ ကမ္ဘာ့နိုင်ငံ အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄ ခုနှစ်၏ ကမ္ဘာ့ရေနေ့ ဆောင်ပုဒ်အရ ရေ၏အရေးပါမှု၊  ရေဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၏  အရေးပါမှု၊ ရေကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် အထူးပြု သတိပေး နှိုးဆော်ထားသည်။

ယနေ့ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ကုလသမဂ္ဂက ချမှတ်ပေးထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ် (၂၀၁၆-၂၀၃၀)အောင်မြင်စေရေးအတွက်   အလေးထားကြိုးပမ်း အကောင်အထည် ဖော်လျက်ရှိကြသည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များတွင် ပန်းတိုင်(၆)သည် “လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိစေရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး”ဖြစ်သည်။  ပန်းတိုင်(၁၄)သည် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာနှင့်ရေသယံဇာတများကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်”ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအလိုက် တူညီသော ရည်မှန်းချက်မှာ အားလုံးအကျုံးဝင်ပြီး လုံခြုံစိတ်ချစွာဖြင့် ကြံ့ခိုင်သော ရေရှည်စဉ်ဆက်မပြတ် တိုးတက်မှုကို ထူထောင်ရေးပင်ဖြစ်သည့်အတွက် အဓိကအရင်းအနှီးဖြစ်သော ရေသယံဇာတကဏ္ဍကို မြှင့်တင်ပေးကြမှသာ ငြိမ်းချမ်းသာယာဝပြောသော ရပ်ဝန်းကို တည်ထောင်နိုင်မည် ဖြစ်သည်။

မျက်မှောက်ကာလ  ကမ္ဘာပေါ်တွင်  လူဦးရေ နှစ်ဘီလီယံခန့် (လူလေးဦးတွင်တစ်ဦး)သည် လုံခြုံဘေးကင်းသော သောက်သုံးရေ  မရရှိသည့်အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပေါ်တွင် သက်ရောက်မှုများ ရှိလာခဲ့သည်။ ထို့ပြင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး ၃ ဒသမ ၆ ဘီလီယံခန့်သည် လုံခြုံသောမိလ္လာစနစ် ကင်းမဲ့နေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ လေ့လာသုံးသပ်သူများ၏

အဆိုအရ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင်  ရေကိုအခြေခံသော ရောဂါများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ ထို့အတူ ၂၀၅၀ ပြည့်နှစ်တွင်  ကမ္ဘာ့ရေ လိုအပ်ချက်သည် ၅၅ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားကြသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာမှုအရ  နှစ်စဉ်လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပေါ်သည့် ရောဂါများနှင့် မိလ္လာ မသန့်ရှင်းမှုများကြောင့် သေဆုံးနေရပြီး လူဦးရေ ၇၄ သန်းသည် တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်း လာသည်ဟု ထုတ်ပြန်ထားသည်။

မျက်မှောက် ၂၁ ရာစုတွင် ပတ်ဝန်းကျင် ညစ်ညမ်းလာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုနှင့်အတူ  ကမ္ဘာ့ရေအရင်းအမြစ်များမှာလည်း  တစ်စတစ်စ ဆိုးရွားစွာ ဆုံးရှုံးလာကြောင်း တွေ့ရသည်။ လူသားတို့ မှီတင်းနေထိုင်သော ကမ္ဘာကြီး၏ ၇၁ ရာခိုင်နှုန်းကို ရေထုကဖုံးလွှမ်းထားသည် ဆိုသော်လည်း  အဆိုပါ ရေပမာဏ၏  ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်သမုဒ္ဒရာများ ဖြစ်ကြသည်။  ကျန်ရှိသည့် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချိုဖြစ်ပြီး ထိုအထဲတွင် ဝင်ရိုးစွန်းတွင်ရှိသည့် ရေခဲတောင်၊ ရေခဲမြစ်များသည် ၆၈ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ကြောင့်  မြေပြင်ပေါ်တွင်ရှိသည့် ရေအားလုံး၏ သုည ဒသမ ၅ ရာခိုင်နှုန်းခန့်မျှသာ  ရေချိုအဖြစ် မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်များ၌တည်ရှိသည်။

ကျွနု်ပ်တို့မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝပြီး  အာဆီယံ ၁၀ နိုင်ငံ၏  ရေ ၁၆ ရာခိုင်နှုန်း၊ အာရှတိုက် တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်းနှင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရမည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ကြီးလေးသွယ် အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချို ဧကပေ သန်း ၈၀၀ ကျော်စီးဆင်းလျက် ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ ငါးရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေး၊  အိမ်သုံးရေနှင့်စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ရေအားလျှပ်စစ်စီမံကိန်း အပါအဝင်  ရေအရင်းအမြစ်များကို အခြေခံသည့်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလားအလာကောင်း များစွာရှိနေသည်ကို တွေ့ရှိရသည်။

မြန်မာတို့သည် “ရေကုသိုလ်”ကို တန်ဖိုးထားကြသလို “ရွှေကိုမလို၊ ရေကိုသာလိုသည်”ဆိုသည့်စကားအတိုင်း ရေကိုတန်ဖိုးထားကြသူများဖြစ်ကြသည်။  ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်၊ တာတမံများ ဆောက်လုပ် ထိန်းသိမ်းပေးခြင်း၊  မြစ်ရေတင်စီမံကိန်းများ   ဖော်ဆောင်ပေးခြင်း၊  မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ အချို့သောမိုးများသည့်  ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် မိုးရာသီ၌သာ ရေချိုပေါများပြီး နွေရာသီတွင် ရေချိုရှားပါးမှု အခက်အခဲများ ရှိသည့်အတွက် အဆိုပါဒေသများတွင် ရေကိုစနစ်တကျ သုံးစွဲခြင်း၊ မိုးရေကိုရနိုင်သမျှ သိုလှောင်ခြင်း၊  မြေအောက်ရေကို နည်းလမ်းတကျတူးယူ သုံးစွဲခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ရှည်လျားသော ကမ်းရိုးတန်းနှင့် ကျယ်ပြောသော ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားသည်။ ဘင်္ဂလားပင်လယ်အော်နှင့်   ကပ္ပလီပင်လယ်ပြင် တစ်လျှောက် ၂၃၃၃ ကီလိုမီတာခန့် ရှည်လျားသော ကမ်းရိုးတန်းနှင့် ၄၉၇၀၃၇ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသောရေပြင်တို့ကို ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်သည်  အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ အထိရှိသည်။ ထို့ပြင်  အိန္ဒိယသမုဒ္ဒရာ   အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းနှင့် နီးကပ်စွာ မဟာဗျူဟာကျကျ တည်ရှိနေခြင်းသည် အပြာရောင်စီးပွားရေး အတွက် အလားအလာရှိသော အချက်ဖြစ်သည်။ ထိုသို့ပိုင်ဆိုင်ထားခြင်းသည်  မြန်မာနိုင်ငံအတွက် သဘာဝကပေးသည့် ကမ်းရိုးတန်းနှင့် အပြာရောင်စီးပွားရေးသာမက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိမ်းရောင်စီးပွားရေး အမွေအနှစ်ပင်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့ ရှည်လျားသော ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သော ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ပင်လယ်ကမ်းရိုးတန်း စီးပွားရေးနှင့် အပြာရောင်စီးပွားရေးတို့ကို ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေနိုင်သည်။ ကမ်းရိုးတန်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သည်။ အဏ္ဏဝါ အရင်းအမြစ်များကို ကာကွယ်ပေးပြီး ကမ်းရိုးတန်း ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းများကို ပံ့ပိုးပေးရင်း  ရေရှည်တည်တံ့သည့် ကမ်းရိုးတန်းဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရန် လိုအပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့် နိုင်ငံတစ်ဝန်းရေဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန်   အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ရေဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းရာတွင် ရေပေးဝေမှုနှင့်မိလ္လာစနစ်၊ ရေသွင်းစိုက်ပျိုးရေး၊  ရေအားလျှပ်စစ်၊  သဘာဝအခြေပြု ခရီးသွားလုပ်ငန်း၊  သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍမျိုးစုံတွင် တိုးတက်မှုရှိလာစေရန် အစိုးရနှင့် ပြည်သူပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် ပြည်သူလူထုအနေဖြင့်လည်း ရေချိုသယံဇာတ၏ အရေးပါပုံကို အမြဲမပြတ်ဆင်ခြင်သတိထားခြင်း၊ ရေလုံလောက်မှုရှိအောင် စည်းကမ်းတကျသုံးစွဲခြင်း၊ ရေချိုကိုစနစ်တကျ ချွေတာသုံးစွဲခြင်းနှင့် ရေအရင်းအမြစ်များကို   အကျိုးရှိထိရောက်စွာ အသုံးပြုခြင်း  စသည်ဖြင့် ငြိမ်းချမ်းသာယာ ဝပြောရေးအတွက် ရေသုံးစွဲမှု ပမာဏအား ဂရုပြုစီမံခန့်ခွဲရင်း  ရေကဏ္ဍကိုမြှင့်တင်ရန် လိုအပ်ကြောင်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်တွင် ကျရောက်မည့် “ကမ္ဘာ့ရေနေ့”ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။   ။

လင်းအာရုဏ်ဦး(ပဲခူး)