ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြား

 

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက် ထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်

နေပြည်တော်၊ မတ် - ၂၁

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ဘဏ္ဍာရေးနှစ်အစမှ အဆုံးအထိရငွေများကို လျာထားသည့် အတိုင်းရရှိရေးနှင့် သုံးငွေများကိုလည်း လျာထားသည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံတော်က စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို အထူးဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း။

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး ပြည်နယ်များ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေများသည် နိုင်ငံတော်၏ စီးပွား ရေးဦးတည်ချက်များ၊ အမျိုးသားရေး ရည်မှန်းချက်တာဝန်များကို အောင်မြင်စေရေး အတွက် ဘဏ္ဍာရေးမူဝါဒအဖြစ် ပြဋ္ဌာန်းပေးသော ဥပဒေများဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး အသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲ ထိန်းချုပ်နိုင်ခဲ့ပြီး ကိုဗစ် - ၁၉ ကြောင့်ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်တိုးတက်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ဘဏ္ဍာငွေအရအသုံးများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ် အတွေ့ အကြုံများအပေါ် အခြေခံပြီး တွေ့ကြုံရမည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားလိုကြောင်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင်  လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ၊ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အသုံးစရိတ်များ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စေရန်အသုံးစရိတ်များ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများ အတွက်အသုံးစရိတ်များ စသည့်ပိုမိုလိုအပ်သောကဏ္ဍများအတွက်ဦးစားပေး လျာထား သုံးစွဲသွားမည်ဖြစ်ကြောင်း၊ အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များ ကိုစိစစ် သုံးစွဲပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ပြုမည့် အသုံးစရိတ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန်လို အပ်ကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေငွေစာရင်း နှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင် ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြု ပေးကြရန် လိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့အစည်းအဝေးတွင် စိစစ်တင်ပြပြီးဖြစ်သည့် ပြည့်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို တင်ပြရာတွင် သက်ဆိုင် ရာဘက်ဂျက်စိစစ်သည့် အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့် စိစစ်ဆောင် ရွက်ခဲ့ကြောင်း၊ အသုံးစရိတ်အပိုင်းတွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့အတွက် လက်ငင်းအကျိုးရှိပြီး ဘက်စုံအကျိုးသက်ရောက်စေမည့် အသုံးစရိတ်များကို အဓိက ထား ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်များနည်းတူ ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများသာမက နေရပ်စွန့်ခွာပြည်သူများအတွက် စားဝတ်နေရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး အရေးပေါ်ရံပုံငွေ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေတို့ကို လျာထားခွင့်ပြုပေးခဲ့ပြီးဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့်ပတ်သက်၍ လည်း ကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက် များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။

၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များက အသီးသီးတင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက်ထုတ်ကုန်များကိုထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထို့အပြင်စီးပွားရေး စီမံကိန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပြီး ရည်မှန်းချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများဖော်ဆောင်ရာတွင် MSME  လုပ်ငန်းများ ကိုအခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ် ချက်ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ထုတ်လုပ် နိုင်ရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်ငန်းများကိုဆောင်ရွက်ရာတွင် Mass production များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုသာမက သား၊ ငါးမွေးမြူရေး ကဏ္ဍ များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုင်းတွင် အဓိက သားငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး များကို မွေးမြူ ဖြစ်ထွန်းကြောင်း၊ အလားတူ အသီးအရွက်နှင့် စက်မှုကုန်ကြမ်းသီနှံများကိုလည်း စိုက်ပျိုး နိုင်ကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ်ကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲ ရာတွင် အကျိုးရှိထိရောက်စွာအသုံးချကြစေလိုကြောင်း၊ အလားတူ ရငွေများ အပြည့် အဝရရှိစေရေးအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့တွင်ရှိပြီးဖြစ်သည့် အုပ် ချုပ်ရေးယန္တရား၊ တရားဥပဒေစိုးမိုးရေး ယန္တရားများကိုအသုံးချ၍ ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအလိုက်လုပ်ငန်းများ တိုးတက် အောင်မြင် လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်း များ တိုးတက်လာမည်ဆိုပါက နိုင်ငံအတွက်လည်း တိုးတက်မှုများကို ခံစားရမည်ဖြစ် သဖြင့် အချင်းချင်းအပြန်အလှန် တိုင်ပင်ဆောင်ရွက်ကြရန် အလေးထားမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်ချက်နှင့်အညီ ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်နှင့် အညီ အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထားအကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြီးကြပ်သူများအနေဖြင့်လည်း မိမိတာဝန်ယူရသည့်ဌာနအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများသာမက ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှုလုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် အလေးထား မှာကြား လိုကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့်အခြားအခြေအနေများအရ ယခင် ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထား ကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF)သို့ ပြန်လည်အပ်နှံသည့် ပိုလျှံငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးကိစ္စတို့၌ အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြုထားပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ ပေးသည့်ငွေအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်က ကောက်ခံရရှိသည့် ရငွေများကို ပြည့်ပြည့်ဝဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဘတ်ဂျက်များသည် အရအသုံး ညီမျှသည့် ဘက်ညီဘတ်ဂျက်ပုံစံနှင့် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ရငွေ ပြည့်ပြည့်ဝဝရရှိမှသာ သုံးငွေကိုလည်း ပြည့် ပြည့်ဝဝ သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို သတိပြုစေလိုကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် ရငွေများနှင့် အသုံး စရိတ်များကို စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ထိရောက်အောင်မြင်စွာ ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။