အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကိုရှေးရှုပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် လုပ်ငန်းများအောင်မြင်ရေးအတွက် ယခုထက်တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော်၊ မတ် - ၂၁

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု ပြီး အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း နိုင်ငံ့အရေးကိုအလေးထားပြီး တစ်ဆင့် ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

အစိုးရ၏ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ကြည့် မည်ဆိုပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး၊ စားအုန်းဆီကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါဂွမ်းကိုပြည်တွင်း၌ပင်လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေးနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးတို့ကိုကြိုးပမ်းဆောင် ရွက်ပေးခဲ့ကြောင်း။

ထုတ်ကုန်များများ ထုတ်လုပ်နိုင်မှ ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)များကို အားပေးမြှင့်တင်ပေးခဲ့ကြောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေး အခြေခံလုပ်ငန်းများ၊ လျှပ်စစ်ရရှိရေး၊ ရေရရှိရေးစသည့်လုပ်ငန်းများ၊ ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများ၊ ရာသီမရွေး သွားလာနိုင်သည့် လမ်းကွန် ရက်များရရှိစေရေးကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်စေရန် ပညာရေးတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများရရှိရန် ဦးစားပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ လူတိုင်းစေ့ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးကဏ္ဍ တိုးတက်စေရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးရေး၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးတို့အတွက် အားကစားကဏ္ဍ မြှင့်တင်ရေး အားကစားဆိုင်ရာ အခြေခံအဆောက်အအုံ တိုးတက်ရေးတို့ကို လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စရိတ်ကြောင့်မြင့်တက်လာသည့် ငွေဖောင်းပွမှု(cost push inflation) ကို အတတ်နိုင်ဆုံးထိန်းနိုင်ရန် အခြေခံစား သောက်ကုန်များကို ပြင်ပဈေးနှုန်းထက် သက်သာစွာဝယ်ယူရရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း။

ယခုကဲ့သို့ ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း အကြမ်းဖက် လုပ်ရပ်များကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှုများကို အဟန့်အတား ဖြစ်စေမှုများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ရည်မှန်းထားသလောက် အောင်မြင်မှုမရှိသေး သည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်က ချမှတ်ထားသည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ”ဆိုသည့် ဆောင်ပုဒ် အတိုင်း နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူအားလုံး၏အကျိုးကို ရှေးရှုပြီးလူမှုစီးပွား ဘဝ တိုးတက်မြင့်မားလာစေရန် ကဏ္ဍအလိုက်နှင့် နယ်ပယ်အလိုက်တွင် လုပ်ငန်းများ အောင်မြင်ရေးအတွက် ယခုထက်တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရရှိပြီးဖြစ်သည့် တိုးတက်မှုများကို အရှိန်အဟုန်မပျက်စေဘဲ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို အောင်မြင်အောင် အင်တိုက်အား တိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်  ရွက်ရမည့်လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ပြီး စီမံကိန်း၏ အကျိုး ရလဒ်များကို ပြည်သူများအလျင်အမြန်ခံစားရရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာကိုလည်း လာမည့် ၂ နှစ်အတွင်း အကျိုးရရှိ စေမည့် လုပ်ငန်းများကိုဖော်ထုတ်ပြီး အမျိုးသားစီမံကိန်းနှင့် ချိတ်ဆက်အကောင် အထည်ဖော် သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ လူမှုစီးပွားရေးအဆောက်အအုံကို ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန် ခိုင်မာအောင် တည်ဆောက်ရာတွင် ပြည်တွင်းအင်အားကသာ အဓိကကျသည့် အ တွက် ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုကြရမည်ဖြစ်ကြောင်း၊

နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက် အောင် မြင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒ ရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးပြည်နယ်များက ဟန်ချက်ညီညီ၊ အချိတ်အဆက် မိမိပူးပေါင်းပြီးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သား များ၏ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့် လက်တွဲ ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့်ပြောကြားသည်။

ထို့နောက်အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာ စကားပြောကြားရာတွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း)ပြုစုရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်မြှင့် တင်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ် ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍအပါအဝင် အခြားကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ပြုစုထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရရှိပြီးသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏အရင်းအမြစ်များကိုထိရောက်စွာအသုံးချပြီးတိုးတက်သည့်ရလာဒ် ကောင်းများရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထုတို့၏ အဓိကလိုအပ်သည့် အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် စီမံကိန်းများ အချိန်မီပြီးစီးစေရေး အတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ လက်တွဲညီညီညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်သကဲ့သို့ စီမံကိန်းအသုံးစရိတ်များကိုလည်း စနစ်တကျထိရောက်စွာ စီမံခန့်ခွဲရန်လိုအပ်မည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားလိုကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေ အနေကို  သုံးသပ်ဆွေးနွေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းဥပဒေ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဘဏ္ဍာနှစ်အလိုက် အမျိုးသားစီမံကိန်း လျာထားမှုနှင့် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြ သည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်ခုတွင် နိုင်ငံရေးအင်အား၊ စီးပွားရေး အင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်နေရန်လိုကြောင်း၊ အဆိုပါအင်အားများ ကောင်း မွန်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရန်လည်းလိုအပ်ကြောင်း၊ နိုင်ငံတစ်ခုတိုးတက် ရေးအတွက် အသေးစိတ်ကျကျ လက်တွေ့သုံးသပ်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အချို့ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စီမံကိန်းများကို အပြည်အဝအကောင် အထည်ဖော်နိုင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း၊ အားနည်းချက် များကို ဖော်ထုတ်၍လာမည့်ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း။

သွင်းကုန်များ လျှော့ချပြီး ပို့ကုန်များပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း ၌ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို ကြောင်း၊ အလားတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက် များပြားလာမှသာ ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာ မည်ဖြစ်ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်များအတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်မည် ဆိုပါကပြည်တွင်း၊ ပြည်ပဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း။

 အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး  (MSME) လုပ်ငန်းများကို ဖွံဖြိုးဆဲ၊ ဖွံဖြိုးပြီးနိုင်ငံများတွင် လည်းဆောင်ရွက်လျက်ရှိနေကြကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် အဆင့်မီကုန်ချောများထုတ်လုပ်နိုင်သည့် (MSME) လုပ်ငန်းများ များစွာရှိသော်လည်း အားပေးဆောင်ရွက်မှုအားနည်းသည်ကိုတွေ့ရ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုသကဲ့သို့ အခြားထုတ်ကုန်များကိုလည်း အဆင့်မီစွာထုတ်လုပ်နိုင်ရေး အားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့် လူသားအရင်းအမြစ်များကို နေရာတကျ အသုံးချနိုင်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျယ်ကျယ် ပြန့်ပြန့်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အဆင်ပြေချောမွေ့စွာဖြင့် လုပ်ငန်းများတိုးတက် လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ကို အကျိုးရှိရှိဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ နိုင်ငံသားများထဲမှ ငွေကြေးရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်သူများအား ကုန်ထုတ်လုပ်မှု၌ ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးကို အလေးထားရန် ထပ်မံပြောကြားလို ကြောင်း၊ နှစ်စဉ်ပျမ်းမျှ စားသုံးဆီ ဒေါ်လာ သန်း ၅၀၀ မှ ၆၀၀ အတွင်း ပြည်ပမှ တင်သွင်းနေရမှုအား ဆီဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေကုန် ကျမှုကို များစွာလျော့ကျစေမည်ဖြစ်ကြောင်း။

 သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်းနှင့် တရား မဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများ အလိုက် တိုင်းဒေကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး သုံးသပ်ဆောင်ရွက်ကြစေလို ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် အမျိုးသားစီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကိုအချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း။

စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းထားသည့် အတိုင်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းအလိုက် အဆင့်ဆင့်ကြီးကြပ်စစ်ဆေးမှုများ၊ စိစစ် သုံးသပ်မှုများကို အားကောင်းစွာဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ပြည်သူတို့၏ လူမှုစီးပွားအကျိုး ခံစားခွင့်များရရှိရေးကို ဦးတည်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍကထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း သတ်မှတ် ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အချိန်ယူ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည် အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများ၊ နည်းပညာများ သင်ကြားနိုင်ရေးနှင့် မှန်ကန်သည့် တွေးခေါ်မျှော်မြင်မှုများရရှိရေး လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်ရေးကို မျှော်မှန်းပြီး လူငယ်များ ဗလငါးတန်ပြည့်ဝရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း။

အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဖော်ဆောင်ကြရမည့် နိုင်ငံရေး၊ စီးပွား ရေး၊ ကာကွယ်ရေး၊ အမျိုးသားရေး စရိုက်လက္ခဏာနှင့် အမျိုးသား စိတ်ဓာတ်မြှင့်တင် ရေးတို့အတွက် ခိုင်မာသည့် ဇွဲ၊ လုံလ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာနှင့် ကြိုးပမ်း ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို ပြည်တွင်းအားနှင့် စုပေါင်းပြီးသတိဝီရိယနှင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်မှ လုပ်ငန်းပြီးပြတ်ခြင်းမရှိဘဲ ပြန်လည် အပ်နှံခဲ့သည့်ဘဏ္ဍာငွေများကိုလည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အကျိုးရှိရှိအသုံးချလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထားအားပေးဆောင်ရွက်သွားရန်လို ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။