၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အုပ်စုပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီးရီးယားအသင်းတို့ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်

 

 

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အုပ်စုပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီးရီးယားအသင်းတို့ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်

 

ရန်ကုန်  မတ်  ၂၁

၂၀၂၆  ကမ္ဘာ့ဖလားပြိုင်ပွဲ(အာရှဇုန်) အုပ်စုပွဲစဉ်အဖြစ် ယနေ့ည ၆ နာရီတွင် ရန်ကုန်မြို့   သုဝဏ္ဏအားကစားကွင်း၌ မြန်မာ့လက်ရွေးစင်အသင်းနှင့်  ဆီးရီးယားလက်ရွေးစင် အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်   မြန်မာ့လက်ရွေးစင်အသင်းက အဓိက ကစားသမားများဖြစ်သည့် ကျော်ဇင်ဖြိုး၊  ဟိန်းဖြိုးဝင်း၊  စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ အောင်သူ၊ မောင်မောင်လွင်၊   နေမိုးနိုင်၊ ဝေလင်းအောင်၊   ခွန်ကျော်ဇင်ဟိန်း အစရှိသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်သည့် ဆီးရီးယားအသင်းကို ခြေစွမ်းပိုင်း ကွာခြားမှုမရှိဘဲ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပြီး မြန်မာ့လက်ရွေးစင် အသင်းနည်းပြ ဖိုက်တန်ဘိုင်နာ၏ ခံစစ်ပိုင်းကိုအားပြုပြီး  တန်ပြန်တိုက်စစ်များဖြင့်ကစားခဲ့သည့် ကစားကွက်မှာ ထိရောက်ခဲ့ပြီးပွဲချိန် ၃၅ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် မောင်မောင်လွင်ခေါင်းတိုက်ချပေးသည်ကို ခံစစ်ကစားသမား စိုးမိုးကျော်က အကောင်းဆုံး ပိတ်သွင်းပြီး    မြန်မာ့လက်ရွေးစင် အသင်းအတွက်   ဦးဆောင်ဂိုး  သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် မြန်မာ့လက်ရွေးစင် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း နှစ်သင်းလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ   အပြန်အလှန် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့ကြသော်လည်း ပွဲချိန်ကြာလာသည်နှင့် မြန်မာ့လက်ရွေးစင် အသင်းကစားသမားများ ကစားအား ကျဆင်းလာချိန်တွင် ဆီးရီးယားအသင်းက ပိုမိုတိုက်စစ်မြှင့် ဖိအားပေးခဲ့ရာမှ    ပွဲချိန် ၇၂ မိနစ်တွင် အယ်ဒါလီက ဆီးရီးယားအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် နှစ်သင်းလုံးဂိုး သွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

၂၀၂၆   ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ(အာရှဇုန်)အုပ်စုပွဲစဉ် ဒုတိယအကျော့ပွဲစဉ်အဖြစ်     မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးရီးယား လက်ရွေးစင်အသင်းတို့သည် လာမည့် မတ်လ ၂၇ ရက်တွင်  ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။