ရေချိုတွေတည်မြဲဖို့ တောတောင်တွေ ထိန်းသိမ်းစို့
(ကမ္ဘာ့ရေနေ့ ဂုဏ်ပြုဆောင်းပါး)
ရေသည် သက်ရှိများနှင့် အပင်များအတွက် အရေးကြီးသော၊ အခြေခံကျသော၊ မရှိမဖြစ် လိုအပ်သော သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည်။ မည်သည့်အရာနှင့်မျှ အစားထိုး၍ မရနိုင်သည့်အရာလည်း ဖြစ်သည်။ ရေမရှိဘဲ ဇီဝလောက မတည်ရှိနိုင်ပါ။ လူသားများအတွက် လေ(အောက်ဆီဂျင်)ပြီးလျှင် ဒုတိယအရေးကြီးဆုံး အရာဖြစ်သည်။ “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်”ဟု ဆိုရိုးစကားရှိသည်။ အစာမစားဘဲ ခုနစ်ရက်တိုင် အသက်ရှင်နိုင်သော်လည်း ရေမသောက်ဘဲ တစ်မနက်ထက်ပို၍ အသက်မရှင်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းခန့်ကို ပင်လယ်သမုဒ္ဒရာများက ဖုံးလွှမ်းလျက်ရှိရာ ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၃၆၂ သန်းရှိသည်။ (ကမ္ဘာ့မြေမျက်နှာပြင်၏ ဧရိယာသည် သန်းပေါင်း ၅၁၀ စတုရန်းကီလိုမီတာရှိသည်။) ပင်လယ်သမုဒ္ဒရာများရှိ ရေငန်များ၏ပါဝင်မှုသည် ၉၆ ဒသမ ၅ ရာခိုင်နှုန်းတိုင်ရှိနေခြင်းကြောင့် ရေချိုများ(Fresh Water) က ၃ ဒသမ ၅ ရာခိုင်နှုန်းတည်းသာ ပါဝင်သည်။ ဤရေချို ပမာဏထဲတွင်လည်း ရေခဲပြင်များ၊ ရေခဲမြစ်များနှင့် ဆီးနှင်းများ၏ ပမာဏက သုံးပုံနှစ်ပုံကျော်ထိအောင် ပါဝင်နေသောကြောင့် လက်ငင်းသုံးစွဲနိုင်သည့် ရေချိုပါဝင်မှုမှာ အလွန်ပင်နည်းသည်။
ကမ္ဘာ့လူဦးရေ အဆမတန် များပြားလာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ စက်မှုလုပ်ငန်းများ တစ်ရှိန်ထိုးတိုးလာခြင်း၊ သဘာဝသစ်တောများကို လွန်ကဲစွာ ခုတ်လှဲခြင်း၊ အလဟဿဖြုန်းတီးမှုများလာခြင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကြောင့် ရေအရင်းအမြစ်များ လျော့နည်းလျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်သည် ရေကိုအခြေခံသည့် ရောဂါများနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းထားသည်။
ကမ္ဘာ့လူဦးရေအဆမတန် များပြားလာသည်နှင့်အမျှ စား၊ ဝတ်၊ နေရေးလိုအပ်ချက် ပိုမိုများပြားလာပြီး စိုက်ပျိုးမွေးမြူရေးအတွက် သဘာဝတောများကို လွန်ကဲစွာ ခုတ်လှဲလာရခြင်း၊ မြို့ပြများတိုးချဲ့ တည်ဆောက်လာရခြင်း စသောအကြောင်းတရားများကြောင့် သစ်တောဧရိယာများမှာ ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နေ့တခြား ယုတ်လျော့လာသည်။ အော်ဂဲနစ်ပစ္စည်းများဖြစ်သည့် သစ်တောသစ်ပင်၊ နွယ်ပင်၊ဝါးပင်၊ မြက်ပင် စသည့်ပစ္စည်းများသည်ပတ်ဝန်းကျင်တွင်ရှိသည့် အစိုဓာတ်က အော်ဂဲနစ်ပစ္စည်းတွေထက် များနေလျှင် အော်ဂဲနစ်ပစ္စည်းတွေက အစိုဓာတ်တွေကို သူတို့နိုင်သလောက် စုပ်ယူပြီး ပတ်ဝန်းကျင်တွင်ရှိသည့် အစိုဓာတ်က သူတို့(အော်ဂဲနစ်ပစ္စည်း)ထက် ပိုခြောက်သွေ့သွားလျှင် သူတို့တွင်ရှိသည့် အစိုဓာတ်ကို ပြန်ထုတ်လွှတ်ပေးပြီး မျှခြေဖြစ်အောင် လုပ်ဆောင်ပေးတာကို Spongy Function (ရေမြှုပ်ပစ္စည်း ဆောင်ရွက်မှု ဂုဏ်သတ္တိ) ဟုခေါ်သည်။
သစ်တောဧရိယာတွင်ရှိသော သစ်ပင်၊ ဝါးပင် စသည့်အပင်များသည် ရွာချလိုက်သော မိုးရေကို ဖော်ပြပါ Spongy Function အတိုင်း စုပ်ယူထားသည်။ နွေရာသီရောက်၍ ပတ်ဝန်းကျင်ခြောက်သွေ့လာသောအခါ သူတို့စုပ်ယူထားသည့် ရေကို ပြန်လည် ထုတ်လွှတ်ပေးသည်။
သစ်တောသစ်ပင်များ လျော့ပါးလာသည့်အခါ မိုးတွင်းတွင် မိုးရေခေတ္တစုပ်ယူမည့် ပစ္စည်းမရှိတော့သောကြောင့် ရွာချသမျှ မိုးရေများသည် ချောင်း၊ မြောင်း၊ မြစ်များထဲသို့ အကုန်နီးပါး ရောက်သွားသောကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ကုန်သည်။
မိုးရာသီကုန်ဆုံးသောအခါ စုပ်ယူထားသော ရေများကို ပြန်လည် ထုတ်လွှတ်ပေးမည့် သစ်တောများ မရှိသောကြောင့် မိုးရာသီကုန်ပြီး သိပ်မကြာမီ ချောင်းမြောင်းများနှင့် မြစ်များတွင် ရေများနည်းကုန်သည်။ ထို့ကြောင့် မိုးရာသီတွင် ရေလျှံခြင်းကြောင့် ဒုက္ခရောက်ကြရပြီး နွေရာသီတွင် ရေနည်းပါးသွားခြင်းကြောင့် ရေရှားခြင်း၊ ရေကြောင်းသွားလာရေး ခက်ခဲခြင်းများ စသည်တို့ကို ထပ်မံခံစား ကြရပြန်သည်။
ထို့ပြင် ဝါးပင်သည် နှစ်စဉ် Biomass ခြွေချရာတွင် သစ်ပင်ထက်ပိုများ၍ ဝါးခက်၊ ဝါးရွက်ေ<ကတို့သည် မြေကြီးပေါ်တွင် ခပ်ထူထူ အုပ်မိုးထားသောကြောင့် မြေကြီးအတွင်း အစိုပြန်မှုကို ကာကွယ်ပေးထားသည်။ တစ်နည်းအားဖြင့် မြေကြီးအစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးသည်။ ဝါးရွက်ကြွေတို့သည် မိုးတွင်းတွင် မြေဆွေးအဖြစ်ပြောင်းကာ ဖော့ Spongy သဖွယ်ဖြစ်၍ ရေကိုစုပ်ယူထားပြီး နွေအခါတွင် ရေကိုတစစ်စစ် ပြန်ထုတ်ပေးသည်။ ဝါးပင်စိုက်ပျိုးပါက မြေအောက်ရှိ ရေလွှာပြန်လည်မြင့်တက်လာသည်ဟု သိရသည်။ အပင်သည် ရွာချသောမိုးရေ၏ ၃၅ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်ပြီး ဝါးပင်သည် ၉၀ ရာခိုင်နှုန်းအထိ ထိန်းသိမ်းနိုင်သည်ဟု သိရသည်။
ယခုအခါ မြို့ပြများတိုးချဲ့ တည်ဆောက်လာခြင်းတွင် နဂိုရှိပြီးသား သစ်ပင်၊ ဝါးပင်များ အပြောင်ရှင်းခြင်း၊ ConcreteWork များ နေရာအပြည့် ဆောင်ရွက်လာခြင်းကြောင့် မြေအောက်ရေပြန်လည်ဖြည့်တင်းမှုကို တားဆီးထားသကဲ့သို့ ဖြစ်နေပြီး ရေကြီးရေလျှံခြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်ကို တွေ့နေရသည်။ လူဦးရေ များပြားလာသည်နှင့်အမျှ မြေအောက်ရေ အလွန်အကျွံစုပ်ယူမှုသည်လည်း မကောင်းပါ။ မြို့ပြများ တည်ဆောက်ရာတွင် မြို့ဧရိယာအတွင်း အစိမ်းရောင် တောကျန်(Green Belt) များ ချန်ထားသင့်သည်။ သို့မှသာ မြေအောက်ရေကို တစ်ဖက်တစ်လမ်းမှ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ရေကြီးရေလျှံမှုကိုလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
တောတောင်များရှိသစ်ပင်များနှင့်အပင်များမှ ပင်ငွေ့ပြန်မှုကြောင့် မိုးမှန်မှန် ရွာသွန်းစေသည်။
ထို့ပြင် သစ်တောများသည် မိုးရေများကို ထိန်းပေးနိုင်ခြင်းကြောင့် မြေအောက်ရေအောင်းလွှာများကို ဖြည့်ဆည်းပေးလျက်ရှိသည်သာမက မြစ်၊ ချောင်း၊ အင်း၊ အိုင်များသို့ စီးဝင်မည့်ရေများကိုပါ ထိန်းသိမ်းသန့်စင်ပေးသည်။ သစ်ပင်သစ်တောများသည် မြေဆီလွှာ တိုက်စားမှုကိုလည်း ကာကွယ်ပေးသည်။ သစ်ပင်သစ်တောများ ပြုန်းတီးလျော့နည်းလာသည်နှင့်အမျှ မိုးရေရရှိမှု လျော့နည်းသည်သာမက မိုးရေများကို ထိန်းထားနိုင်စွမ်းလည်း နည်းလာမည်ဖြစ်ပြီး ရေအောင်းလွှာများကို ရေဖြည့်ဆည်းပေးနိုင်အား နည်းလာမည်ဖြစ်သောကြောင့် ရေချိုများတည်မြဲဖို့ ကျွန်တော်တို့အတွက် လွန်စွာအကျိုး ကျေးဇူးများလှသော တောတောင်များကို ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းရေးသား တင်ပြအပ်ပါသည်။ ။
ဟိန်းလင်းစိုး