မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

 

မြန်မာနိုင်ငံအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ

 

    ကမ္ဘာ့နိုင်ငံများအားလုံးမှာ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက်   ကာကွယ်ရေး စွမ်းအားစုတွေ စုဆောင်းနိုင်အောင် ကွဲပြားခြားနားတဲ့ စစ်မှုထမ်းဥပဒေများကို ကျင့်သုံးလျက်ရှိကြပါတယ်။ ဒီလိုကျင့်သုံးတဲ့ နေရာမှာ မိမိနိုင်ငံအတွက် လိုအပ်မယ့်၊ ကိုက်ညီမယ့် ပမာဏကို   စိစစ်ခေါ်ယူလေ့ ရှိကြပါတယ်။ သို့သော်လည်း ဒီလိုစစ်မှုထမ်း ဥပဒေတွေရဲ့ တကယ့်အနှစ်သာရက   နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိတယ်၊ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်၊ နိုင်ငံတော် ကာကွယ်ရေး အတတ်ပညာတွေ တတ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားကြတာ  ဖြစ်ပါတယ်။ ဒီလိုပြဋ္ဌာန်းပြီး ရွေးချယ်စိစစ်ခေါ်ယူမယ့် နည်းလမ်းနဲ့ ပမာဏကို နိုင်ငံတော်မှ သုံးစွဲနိုင်မယ့် ဘဏ္ဍာငွေပမာဏနဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ပတ်ဝန်းကျင် အခြေအနေတွေအရ ထိန်းညှိဆောင်ရွက်ကြရပါတယ်။

ဒီဆောင်းပါးမှာတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်မှုထမ်းဥပဒေတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ဘာကြောင့်လိုအပ်သလဲ ဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စစ်မှုထမ်းစနစ်များကို ခြုံငုံလေ့လာကြည့်လိုက်တဲ့အခါ အမျိုးသား၊ အမျိုးသမီးခြွင်းချက်မရှိ တာဝန်ထမ်းဆောင်ရတဲ့ စစ်မှုမထမ်း မနေရစနစ် (Mandatory Conscription) စနစ်၊ ဥပဒေအရ စစ်မှုမထမ်းမနေရ စနစ်နဲ့ ဆန္ဒပြုစနစ်ကို တွဲစပ်ကျင့်သုံးသည့် (De Jure Conscription or Combination) ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ အသက်အရွယ်နဲ့   ကျန်းမာရေး အဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီး နိုင်ငံသားတိုင်း စစ်မှုမထမ်း မနေရဖြစ်တဲ့  (Mandatory Conscription) စနစ်ကို လူဦးရေနည်းပါးတဲ့ နိုင်ငံငယ်လေးတွေနဲ့ တစ်ပါတီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥပဒေအရ စစ်မှုထမ်းဆောင်ရမယ့် နိုင်ငံသားများအားလုံး မှတ်ပုံတင်စေသော်လည်း   တာဝန်ထမ်းဆောင်ဖို့ ဆန္ဒပြုသူတွေနဲ့ အင်အား လိုအပ်သလောက်သာ အကန့်အသတ်နဲ့ ဆင့်ခေါ်တဲ့ De  Jure or Combination ပုံစံကျင့်သုံး တာကို တွေ့ရပါတယ်။

လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာလည်း ကမ္ဘာစစ်ကြီးတွေ ဖြစ်ပွားနေတဲ့ကာလမှာ စစ်မှုမထမ်း မနေရစနစ်ကို ကျင့်သုံးခဲ့ပြီး ယခုလည်း  Selective Service လို့ခေါ်တဲ့ အသက် ၁၈ နှစ်ပြည့်လျှင် စစ်မှုထမ်းဆောင်ရန် အတွက် မဖြစ်မနေ မှတ်ပုံတင်ရတဲ့ စနစ်ပြုလုပ်ထားပြီး    ဒီလိုမှတ်ပုံတင်တဲ့ အထဲကမှ လိုအပ်သလောက်ကိုသာ စိစစ်ခေါ်ယူခြင်းပြုလုပ်ပါတယ်။ တစ်နည်းအားဖြင့် De Jure or Combination ပုံစံလို့ သတ်မှတ်နိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာ စစ်မှုမထမ်း မနေရစနစ်ကို ကျင့်သုံးနေပြီး လာအို နဲ့ အိန္ဒိယနိုင်ငံမှာတော့ ဆန္ဒပြုစနစ်ဖြစ်ပေမယ့် နိုင်ငံအတွက် လိုအပ်တဲ့အချိန်မှာ စစ်မှုထမ်းတွေ ဆင့်ခေါ်နိုင်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားရှိပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်နိုင်ငံလိုပဲ De Jure or Combination ပုံစံကို ကျင့်သုံးနေတယ်လို့ ဆိုနိုင်ပါတယ်။   အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံကတော့ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းပြီး လက်တွေ့ ကျင့်သုံးလျက်ရှိပါတယ်။ ဒေသတွင်းနိုင်ငံများ ဖြစ်တဲ့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်း ကျင့်သုံးလျက်ရှိပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာလည်း De Jure ပုံစံကို  ကျင့်သုံးပါတယ်။

World Population Review  Website   မှာ ဖော်ပြထားချက်များအရ ကမ္ဘာပေါ်မှာ စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းထားပြီး  ပုံစံမျိုးစုံနဲ့ ကျင့်သုံးနေတဲ့ နိုင်ငံပေါင်း ၈၆ နိုင်ငံ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရပြီးကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းဆောင်တဲ့စနစ် (Voluntary Enlistment) ကိုသာ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုအချိန်ကြာလာတဲ့အခါမှာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဟာ    စစ်မှုထမ်းတွေရဲ့ အလုပ်သာဖြစ်တယ် ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဝင်လာတတ်ကြပြီး သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့ အများစုဟာ လည်း လူမျိုးရေးကို အခြေခံပြီး အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေ ဆောင်ရွက်နေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ အမှန်တော့  နိုင်ငံတော် ကာကွယ်ရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းစီမှာ တာဝန်ရှိပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းပြည်အတွက်    လိုအပ်ရင် နိုင်ငံရဲ့တရားဝင် တပ်မတော်မှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ် ဆိုတဲ့မူကို ၁၉၄၇ ခုနှစ်ကတည်းက ထုတ်ဖော်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

နိုင်ငံတော်ကာကွယ်ရေး အမြင်နဲ့ အတတ်ပညာတွေဟာလည်း ပြည်သူများအားလုံး သိသင့်သိထိုက်တဲ့ သိရမယ့်ပညာရပ်တွေဖြစ်ပါတယ်။  မြန်မာနိုင်ငံလို တောင်အာရှနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးတဲ့ ပထဝီနိုင်ငံရေးအရ    အချက်အချာကျတဲ့နေရာ၊ အင်အားကြီးနိုင်ငံတွေရဲ့ အကြားမှာ   တည်ရှိနေတဲ့ နိုင်ငံအတွက် နိုင်ငံတော် ကာကွယ်ရေး အသိပညာနဲ့ အတတ်ပညာတွေဟာ  နိုင်ငံသားတိုင်း သိသင့်၊ တတ်သင့်လှပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်လာခဲ့တာဟာ နိုင်ငံတော် လုံခြုံရေးအတွက် ရေရှည်တစိုက်မတ်မတ် လုပ်ရမယ့် အထူးကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ နားလည်မိပါတယ်။

ဒီဥပဒေဟာ ယခုမှဖြစ်ပေါ်လာတာတော့ မဟုတ်ဘဲ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပြီး ယခုမှစတင်အသက်ဝင်လာတာ ဖြစ်ပါတယ်။ သို့သော်လည်း   ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်လာလို့ နိုင်ငံသားအားလုံး   မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ့်  ပုံစံမဟုတ်ဘဲ လိုအပ်သလောက်သာ အကန့်အသတ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ပုံစံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ  အသက်အရွယ်အရ အကျုံးဝင်သူ  စစ်မှုထမ်းဆောင်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီး အားလုံး တစ်ပြိုင်နက်တည်း တာဝန်ထမ်းဆောင်ရမှာ မဟုတ်ဘဲ နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် သတ်မှတ်အသက်အပိုင်းအခြား အတွင်းက စိစစ်ပြီး အင်အားအနည်းငယ်ကိုသာ ခေါ်ယူမှာဖြစ်တဲ့အတွက်  လတ်တလောမှာ အမျိုးသားများကိုသာခေါ်ယူပြီး အမျိုးသမီးတွေကို ခေါ်ယူဦးမှာ  မဟုတ်ဘူးလို့လည်း တာဝန်ရှိသူတွေ ပြောဆိုတာကို ကြားနေရပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဆောင်ဖို့    ရွေးချယ်ခံရတဲ့သူတွေအားလုံး ယခုတပ်မတော်သားများ နည်းတူ ရသင့်ရထိုက်တဲ့ ရိက္ခာ၊ လစာတွေ၊ ခံစားခွင့်တွေကိုလည်း ရရှိကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ယခုမှ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်ဝင်စေပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းများကို စိစစ်ရွေးချယ်ခေါ်ယူဖို့ ဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သောင်းကျန်းသူတွေကတော့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုတွေကို   လုပ်ဆောင်နေကြတာ လွတ်လပ်ရေး ရပြီးကတည်းကလို့ပဲ  ဆိုနိုင်ပါတယ်။ လတ်တလောကာလမှာ KIAသောင်းကျန်းသူအဖွဲ့က ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းဒေသက ပြည်သူတွေကို အပြစ်အမျိုးမျိုးရှာပြီး    ပြစ်ဒဏ် အတွက် KIA အဖွဲ့ထဲဝင်ခိုင်းသလို ကျေးရွာအလိုက်၊ မိသားစုအလိုက်လည်း   အဓမ္မလူသစ်စုဆောင်းနေပါတယ်။ MNDAA  နဲ့ TNLA အဖွဲ့သည်လည်း ထိုနည်းတူစွာ ဆောင်ရွက်ပြီး   သူတို့အဖွဲ့ထဲ မဝင်လိုလျှင်    အဆမတန်ဆက်ကြေး ပေးဆောင်ရပါတယ်။  သိပ်မကြာသေးခင်ကပဲ  စစ်ဘေးရှောင်တဲ့ ကလေးနဲ့ သံဃာတွေပါမချန် သင်္ကန်းချွတ်ပြီး အတင်းအဓမ္မ လူသစ်စုဆောင်းလို့ ပလောင်ဒေသက လူငယ်တွေ ထွက်ပြေးနေရပါတယ်။

ရခိုင်ပြည်နယ်က သောင်းကျန်းသူ  AA အဖွဲ့ကလည်း ရွာတစ်ရွာကို ၁၀ ဦးနှုန်းနဲ့ အဓမ္မလူသစ်စုပါတယ်။ AA ထဲ မဝင်ရင် ရွာကနေမောင်းထုတ်ပါတယ်။ “ဝ”အဖွဲ့၊ မိုင်းလားအဖွဲ့၊ ဝမ်ဟိုင်းအဖွဲ့၊ ယွက်စစ်အဖွဲ့၊ MNSP  မွန်အဖွဲ့၊ KNU အဖွဲ့တွေလည်း ထိုနည်းတူစွာပဲ ဆောင်ရွက်ကြပါတယ်။ PDF  အကြမ်းဖက်တွေကတော့ သူတို့ထဲမဝင်ရင် ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်နေကြလို့ ပြည်သူအားလုံးက အော့နှလုံးနာနေကြရပါတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံက လိုအပ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို အသက်သွင်းခဲ့တာကို ဆန့်ကျင်ဝေဖန်နေကြတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းတချို့ဟာ  တရားမဝင်လက်နက်ကိုင် သောင်းကျန်းသူများရဲ့ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကို  မသိချင်ယောင်ဆောင်ပြီး  အစိုးရတစ်ရပ်ရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ချက်ကို ဝေဖန်ဆန့်ကျင်နေကြတာကိုလည်း  အံ့အားသင့်ဖွယ် မြင်တွေ့ကြားသိနေရပါတယ်။   

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်သိ နိုင်ငံ့သားကောင်း လူငယ်တွေ  စစ်မှုထမ်းဆောင်ရာမှာလည်း လူတိုင်း တိုက်ခိုက်ရေးတပ်ရင်း/တပ်ဖွဲ့တွေကို သွားဖို့ လိုအပ်တာမဟုတ်ဘဲ   ကျွမ်းကျင်ရာ ပညာရပ်တွေအလိုက် တာဝန်ပေးအပ်မှာဖြစ်လို့ အခြားလက်ရုံး တပ်ဖွဲ့များကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။ စစ်မှုထမ်းဆောင်ရမယ့် လူငယ်တွေဟာ  တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးအခြားပြည်သူတွေ အနေနဲ့လည်း ပြည်သူ့စစ်မှုထမ်းစနစ်ကို   လေ့လာခွင့်ရမှာ ဖြစ်တာကြောင့်  အထူး သင့်လျော်တယ်လို့လည်း ယူဆမိပါတယ်။ နည်းဥပဒေတွေ အတည်တကျ ထွက်လာရင်တော့ ဒီအချက်တွေ ရှင်းရှင်းလင်းလင်း ပါဝင်လာမှာပဲ  ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ဖျက်မီဒီညာတွေ၊ အကြမ်းဖက် သမားတွေနဲ့ သောင်းကျန်းသူတွေ   လှုံ့ဆော်နေတဲ့ မဟုတ်မမှန်တဲ့သတင်းတွေကို နားမယောင်မိကြဖို့လိုပါတယ်။ ဒီအဖွဲ့တွေဟာ ပြည်သူတွေ နိုင်ငံတော်ကာကွယ်ရေး ပညာတွေ တတ်မြောက်ပြီး ဥပဒေနည်းလမ်းတကျ စစ်မှုထမ်းဆောင်လာကြမှာကို အင်မတန်ကြောက်ရွံ့ နေကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်ထမ်းဆောင်ကြမည့် လူငယ်များဟာ နိုင်ငံ့တာဝန်ကို  ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ နိုင်ငံ့သားကောင်းများအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည်နိုင်မှာဖြစ်သလို     စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေစည်းကမ်း ကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ   ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ ရင့်ကျက်မှုပိုမိုရှိလာပြီး     မိမိကိုယ်ကို ယုံကြည်မှု၊ ဇွဲ၊ လုံ့လရှိမှုနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ တိုးတက်ရရှိလာမှာ ဧကန်မလွဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်မှုထမ်းခြင်းမှ ရရှိလာမယ့် အတွေ့အကြုံနဲ့ အသိပညာများကြောင့်  အနာဂတ်လူငယ်များရဲ့ ဘဝရပ်တည်မှုကို များစွာ အထောက်အကူပေးနိုင်မှာဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်းခွင် နယ်ပယ်မှာလည်း ရင်ဆိုင်ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုများလည်း ရရှိစေမှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ တစ်ချက်က ပြည်သူတွေအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် အရပ်ဘက်နဲ့ စစ်ဘက်အကြား  အပြန်အလှန် ယုံကြည်နားလည်မှုတွေ တည်ဆောက်နိုင်ပါတယ်။  ဒါကြောင့်လည်း နိုင်ငံတကာမှာ စစ်မှုမထမ်းမနေရ စနစ်တွေကို အရပ်ဘက်နဲ့ စစ်ဘက်အကြားက လူမှုပေါင်းကူး တံတား (Civil-military Social Bridge) လို့လည်း တင်စားခေါ်ဝေါ်လေ့ ရှိကြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအသိရှိတဲ့ နိုင်ငံသားများ ပိုမိုများပြားလာမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ဖြစ်တည်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ရေရှည်အာမခံနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံပြိုကွဲဖို့   နည်းလမ်းပေါင်းစုံက ထိုးနှက်နေတဲ့  နိုင်ငံတချို့အနေနဲ့ မြန်မာနိုင်ငံက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဝေဖန်ရေး လုပ်နေတာဟာ သူတို့ရဲ့စိတ်ရင်းအမှန်ကို လှစ်ပြနေတာနဲ့ တူနေပါတယ်။

အမှန်စင်စစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အိမ်နီးချင်း နိုင်ငံများသာမက ဒေသတွင်း နိုင်ငံအများအပြားမှာ ကျင့်သုံးနေသလို ကမ္ဘာ့အင်အားကြီး နိုင်ငံများမှာလည်း နိုင်ငံ့ကာကွယ်ရေး စွမ်းပကားမြင့်မားစေရေး မဖြစ်မနေ ကျင့်သုံးလျက်ရှိပါသည်။   သတ်မှတ်ကာလအတိုင်း စစ်မှုထမ်းဆောင်ပြီးပါက ကျား/ မ မရွေး လူငယ်များအနေဖြင့် သင့်တင့်မျှတစွာ   စဉ်းစားချင့်ချိန်နိုင်ခြင်း၊   စည်းကမ်းစနစ်တကျ ရှိလာခြင်း၊ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိလာခြင်း၊   ကိုယ်ရည်ကိုယ်သွေး မြင့်မားလာပြီး တပ်မတော်အပေါ် နားလည် ယုံကြည်မှုများ ပိုမိုတိုးတက်လာစေမှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြုပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကမ္ဘာ့အင်အားကြီးနိုင်ငံများ အားပြိုင်မှုကြားမှာ မိမိတို့နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအရ အချက်အချာကျကျ တည်ရှိမှုကြောင့် ကာကွယ်ရေး စွမ်းပကား မြင့်မားရန် လိုအပ်မှု၊ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်ရန်  လိုအပ်နေမှု၊ ပြည်သူလူထုရဲ့မျိုးချစ်စိတ်ဓာတ်၊    ပြည်ထောင်စုစိတ်ဓာတ်များ   ပိုမိုရှင်သန်မြင့်မားလာစေရေးနဲ့ နိုင်ငံသားတိုင်း   နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နိုင်စေရေးတို့အတွက် ရေရှည်မြော်တွေးပြီး ၂၀၂၄ ခုနှစ်  ဖေဖော်ဝါရီလ ၁၀  ရက်နေ့မှာ စတင်အသက်သွင်းလိုက်ရခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက်ဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ကမ္ဘာ့နိုင်ငံတချို့ ကျင့်သုံးနေတဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးခြွင်းချက်မရှိ   စစ်မှုထမ်းရမည့် (Mandatory Conscription)မျိုး  မဟုတ်သလို အကြမ်းဖက်သမားတွေနဲ့ သောင်းကျန်းသူတွေ ပြုလုပ်နေသလို  အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းမျိုး မဟုတ်ဘဲ မိမိနိုင်ငံရဲ့  ကာကွယ်ရေးနဲ့ လုံခြုံရေး အခြေအနေတွေပေါ်မှာသာ မူတည်ပြီး    သင့်တင့်လျောက်ပတ်တဲ့ အင်အားကိုသာ တာဝန်ယူ ထမ်းဆောင်ရမယ့် De Jure or Combination  ပုံစံမျိုး ပြည်သူ့စစ်မှုထမ်း ဥပဒေဖြစ်တယ်ဆိုတဲ့ အကြောင်း ပြည်သူအများ သိရှိနိုင်အောင်   ရေးသား တင်ပြလိုက်ရပါတယ်။     ။

မင်းခန့်