ရန်ကုန်တိုင်းဒေသကြီး ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်  မတ်  ၂၃

    ရန်ကုန်တိုင်းဒေသကြီး ကင်းထောက်လူငယ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC  ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ကင်းထောက်လူငယ်များက ပြည်သူ့အတွက် အစဉ်အသင့်သီချင်း ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာပြောကြားပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် ကင်းထောက်သမိုင်းကြောင်းနှင့် ယခုနှစ် ကင်းထောက်နည်းပြသင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု မှတ်တမ်းအား ပြသသည်။ ထို့နောက် ကင်းထောက်လူငယ်များကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံသဘင် အစည်းအရုံးလူငယ်များမှ လူငယ့်အင်အား စွမ်းပကားဖြင့်  နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့ သရုပ်ဖော်ကကွက်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးအားကစား ဆပ်ကော်မတီလူငယ်များက  Fitness Dance သရုပ်ပြသခြင်းဖြင့် လည်းကောင်း၊ မြန်မာ့သိုင်း အားကစား အဖွဲ့လူငယ်များက ရိုးရာသိုင်းအခြေခံ သရုပ်ပြသခြင်းဖြင့်လည်းကောင်း အသီးသီး တင်ဆက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကင်းထောက်လူငယ်သင်တန်း ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများသို့    အလှူငွေများနှင့် ကင်းထောက် ဝတ်စုံများကို ပေးအပ်ကြသည်။

ထို့နောက်  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူတို့က မြန်မာကင်းထောက် လက်စွဲစာအုပ် ရေးသားပြုစုသည့်  ဦးမောင်မောင်ဦး (ဦးဟိန်းလတ်) ဒုတိယဥက္ကဋ္ဌအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပြီး ကင်းထောက် လက်စွဲစာအုပ်များအား  အခြေခံပညာကျောင်းများသို့ ပေးအပ်ကြသည်။

ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီးက ကင်းထောက်လူငယ် သင်တန်းများအတွက် သင်ထောက်ကူ လက်စွဲစာအုပ်များ ပေးအပ်ပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က ဝါရင့်ကင်းထောက်ကြီးများနှင့် ကင်းထောက်သင်တန်း နည်းပြ  ၂၆ ဦးအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။

ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကင်းထောက်လူငယ်များအား ဂုဏ်ပြုသောအားဖြင့် တင်ဆက်သရုပ်ပြသ ခဲ့ကြသည့် လူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။