ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးဂိတ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ AC  ကတ္တရာခင်းခြင်း လုပ်ငန်းအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးဂိတ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ AC  ကတ္တရာခင်းခြင်း လုပ်ငန်းအား ဒုတိယဝန်ကြီး ဦးဝင်းဖေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၂၃

    ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီး(၃၉)မိုင်ရှိ   ဘောနက်ကြီး မီနီတိုးဂိတ်  လမ်းအသုံးပြုခကောက်ခံနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းရှိန်၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန   ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးနှင့် တိုးဂိတ်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အ၀ ရရှိရေး၊ CCTV နှင့် Computer စနစ်များ ပျက်စီးပါက အမြန်ပြုပြင် ဆောင်ရွက်ရေး၊ တိုးဂိတ်    ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ထားရှိရေး၊ အမြန်လမ်းပိုင်း    တိုးဂိတ်များကို တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၄၅/၂)နှင့်(၄၅/၃)ကြား ကြက်ချောင်းလက်တက် တံတားပေါ်နှင့် တံတားအဝင်/အထွက်တွင် ယာဉ်များအန္တရာယ် မဖြစ်စေရေးအတွက် AC ကတ္တရာလမ်းနှုတ်ခမ်းသားများ ညီညာမှုရှိစေရေး ဆောင်ရွက်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်   (၄၉/ဝ)မှ(၄၉/၂)ကြား (အသွားလမ်း)နှင့် မိုင်တိုင်အမှတ်(၁၇၈/ဝ)မှ (၁၇၈/၂)ကြားတို့တွင် မူလကွန်ကရစ်လမ်းကို အကျယ် ၂၅ ပေ၊ ထု ၂ လက်မ ကတ္တရာ ကွန်ကရစ်ခင်းခြင်းနှင့် လမ်းပခုံးကို Paved Shoulder ခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးနှင့် တာဝန်ခံအင်ဂျင်နီယာ များက   လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်း တင်ပြကြရာ   ဒုတိယဝန်ကြီးက လုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ AC ကတ္တရာလမ်း နှုတ်ခမ်းသားများကို ယာဉ်မတော်တဆမှု အန္တရာယ် ကင်းရှင်းစေရေးအတွက် သပ်ရပ်ဖြောင့်တန်းစွာ ဂရုပြုဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီဖြစ်စေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။