ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အဖွင့်အမှာစကား ပြောကြား

 

ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အဖွင့်အမှာစကား ပြောကြား

 

နေပြည်တော် မတ် ၂၃

    ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်တွင် ကျရောက်သည့်   ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားနှင့် ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) နေပြည်တော်၌ ကျင်းပခဲ့ပြီး    မွန်းလွဲပိုင်းတွင် ဘာသာရပ်ဆိုင်ရာ  ဆွေးနွေးပွဲများကို  ဆက်လက်ကျင်းပသည်။

ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊  ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် Chairperson အဖြစ် ကြီးကြပ်ဆွေးနွေးမည့်သူများ၊ စာတမ်းဖတ်ကြား ဆွေးနွေးတင်ပြမည့် သူများ၊ ရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ရေသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ စက်မှုလုပ်ငန်းများနှင့် မြို့ပြနှင့် ကျေးလက်ဒေသ သောက်သုံးရေပေးဝေရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စသည့် ကဏ္ဍများနှင့် ဆက်နွှယ်နေသဖြင့် ရေကို စနစ်တကျ အသုံးပြု စီမံဆောင်ရွက်ကာ ရေကဏ္ဍဖွံ့ဖြိုးတိုးတက် စေခြင်းဖြင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်လျက်ရှိရာ  ရေနှင့်ဆက်နွှယ်သည့် ပညာရှင်များနှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများ အနေဖြင့်လည်း မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ကမ္ဘာ့ရေနေ့ ၂၀၂၄ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးကို အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအနေဖြင့်   ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေအရင်းအမြစ် ထိန်းသိမ်းရေး စာတမ်းများ၊ ရေအရင်းအမြစ် သန့်စင်ဖြန့်ဝေရေး စာတမ်းများ၊ ရေအရင်းအမြစ် အသုံးချသည့် စာတမ်းဖတ်ပွဲများကို  နေရာ ၃ နေရာခွဲ၍ကျင်းပရာ ရေနှင့်သက်ဆိုင်သော  ဝန်ကြီးဌာန အဖွဲ့အစည်းများက ဘာသာရပ်ဆိုင်ရာ စာတမ်း ၂၃ စောင် ဖတ်ကြားခဲ့သည်။

စာတမ်းများနှင့်ပတ်သက်သည့် တင်ပြချက်များအပေါ် Chairperson  များက ကောက်နုတ်ဆွေးနွေးခဲ့ကြပြီး  စာတမ်းဖတ်ကြား ဆွေးနွေးခဲ့သည့် ပညာရှင်များကို ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်သည်။

ထို့နောက် ရေဆိုင်ရာပညာရှင်များက မြန်မာနိုင်ငံတွင် ရေဆိုင်ရာ တွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများနှင့် ရေမှတစ်ဆင့် ငြိမ်းချမ်းသာယာ ဝပြောရေး ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး ဒုတိယဝန်ကြီးက ကျေးဇူးတင်စကား ပြောကြား၍ ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ လက်ရှိတွေ့ကြုံရသည့် အခက်အခဲပြဿနာများ၊ နည်းပညာတွေ့ရှိမှုများနှင့် ရေရှည်တွင် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရေနှင့်ဆက်နွှယ်သက်ဆိုင်သူများ အကြား အသိပညာများ ဖလှယ်ရန်နှင့် ရေကိုတန်ဖိုးထား ချွေတာသုံးစွဲရန် လိုအပ်မှုကို အများပြည်သူ သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း    သိရသည်။