(၂၉)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum) ကျင်းပ

 

(၂၉)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum) ကျင်းပ

 

နေပြည်တော် မတ် ၂၃

    (၂၉)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန   စုဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ မွေးမြူရေး သုတေသနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊  ညွှန်ကြားရေးမှူးများ၊ မွေးမြူရေး သုတေသနပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်    မွေးမြူရေး ပညာဌာနမှပါမောက္ခ၊ ဆရာမများ၊ နေပြည်တော်ကောင်စီ နယ်မြေ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ သုတေသီများ၊  ပညာရှင်များ၊ တပ်ကုန်းမြို့နယ် အတွင်းရှိ  ကျေးချောင်း၊ ရွှေးစုနှင့် ဗိုလ်မင်းရောင်ကျေးရွာတို့မှ ကျေးရွာအတွင်းရှိ တောင်သူများ တက်ရောက်၍ “စပါး-ဘဲ၊ စပါး-ကြက် ပေါင်းစည်း စိုက်ပျိုးမွေးမြူခြင်းနှင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူခြင်း စနစ် များ(Farming System)  အကြောင်းခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ တောင်သူနည်းပညာ ဆွေးနွေးပွဲများ၊ အသိပညာနှင့်  အတွေ့အကြုံ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် အဓိက အခန်းကဏ္ဍက ပါဝင်နေကြသည့် တောင်သူများအားလုံးက မိမိကိုယ်မိမိ လယ်ယာစီးပွား လုပ်ငန်းရှင်များအဖြစ် ခံယူနှလုံးသွင်း ကြိုးပမ်းနိုင်ကြစေရန်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ကွက်ငယ် လယ်သမားများ၏ ဝင်ငွေနှင့် စီးပွားရေး တိုးတက်လာစေရန် သီးနှံစိုက်ပျိုးရေးတစ်ခုတည်း    လုပ်ကိုင်နေ၍မရနိုင်ဘဲ မွေးမြူရေးကိုပါ  တွဲဖက်လုပ်ကိုင်ကြရန် လိုကြောင်း၊ စိုက်ပျိုးရေးနှင့်  မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပညာရှင်များ၊ စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ လူထုလှုပ်ရှားမှု အသွင်ဖြင့်   ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေး ပညာဌာနမှ ကထိက ဒေါ်သက်မွန်ပိုင်က မြန်မာနိုင်ငံရှိစိုက်ပျိုး မွေးမြူရေးစနစ်များ၊ စားကျက်သီးနှံ အခြေခံနွားမွေးမြူရေး နည်းစနစ်များ၊ ဒေသအချို့၏ စိုက်ပျိုးမွေးမြူစနစ် ခွဲခြမ်းလေ့လာခြင်း၊   သီးနှံအကြွင်းအကျန်များမှ  တန်ဖိုးမြှင့် တိရစ္ဆာန်အစာပြုလုပ်ခြင်း၊ စားကျက်သီးနှံ စိုက်ပျိုးစနစ်များ၊ စားကျက်သီးနှံ ရိတ်သိမ်းနည်းစနစ်များ၊ တိရစ္ဆာန်အစာ ထိန်းသိမ်းခြင်းနည်းစနစ်များ နှင့်ပတ်သက်၍ ဆောင်ရွက်ထားသည့် သုတေသနရလဒ်များကို  လည်းကောင်း၊ မွေးမြူရေးသုတေသန ဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်းနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန သုတေသနအရာရှိ ဒေါ်ခင်မြတ်သူတို့က စပါးနှင့်ဘဲ၊ စပါးနှင့်ကြက်  တွဲဖက်မွေးမြူခြင်းနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များ အပေါ် တောင်သူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ  ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။