(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတား ဖွင့်လှစ်

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတား ဖွင့်လှစ်

 

ပဲခူး  မတ်  ၂၃

(၇၉)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်း တံတားဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက   အမှာစကားပြောကြားရာတွင် မူလသနပ်ပင်မြို့တွင်း တံတားသည် တစ်လမ်းသွားဘေလီ တံတားဖြစ်ပြီး    တံတားပေါ်ယာဉ်ဖြတ်သန်းစဉ် အခြားဘက်မှ ယာဉ်များ စောင့်ဆိုင်းရခြင်း၊ ယာဉ်တစ်စီးချင်းစီသာ ဖြည်းဖြည်းမောင်းနှင် ဖြတ်သန်းရခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်ကြောကျပ်တည်းခြင်းနှင့်  ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများ ကင်းဝေးစေရန်၊ သနပ်ပင်မြို့အတွက်သာမက သီလဝါအထိ   ချိတ်ဆက်မည့် လမ်းမကြီးပေါ်တွင်   တည်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်စေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက်   လိုအပ်လျက်ရှိသည့် သနပ်ပင်မြို့တွင်း တံတားအား နှစ်လမ်းသွားသံကူ ကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၃၇၁၇ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်ဆွေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေတို့က  သနပ်ပင်မြို့တွင်း တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံ့သာရည်များ   ပက်ဖျန်းပေးခဲ့ကြသည်။ ၎င်းင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  အဆိုပါတံတားအား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် အရှည် ပေ ၂၄၀၊ ယာဉ်သွားလမ်း အကျယ်၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင်  ၆ ပေစီ ရှိပြီး ရေလယ်ခန်း လူသွားလမ်း တစ်ဖက်လျှင် ၁၀ ပေခွဲစီရှိသည့် သံကူကွန်ကရစ် တံတားဖြစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၂၀၀၊ တံတားချဉ်းကပ်လမ်း ငွေကျပ်  ၅၁၇  သန်း စုစုပေါင်း စီမံကိန်းတန်ဖိုးငွေကျပ် ၃၇၁၇ သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။