နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media တွေ့ဆုံမှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ TAR-TASS Media တွေ့ဆုံမှု

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန် သံတမန်ခန်းမ၌ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား-မြန်မာ နှစ်နိုင်ငံကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-

မေး။ ။ လေးစားရပါသော  အဆွေတော် ဝန်ကြီးချုပ်ခင်ဗျာ။    အဆွေတော်ဝန်ကြီးချုပ် အနေနဲ့   အခုလိုမျိုး ကျွန်တော်တို့ ITAR-TASS Media နဲ့ အင်တာဗျူး မေးဖို့အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောကြားလိုပါတယ်။   ကျွန်တော်တို့ ရုရှား-မြန်မာ ဆက်ဆံရေးဟာဆိုရင်  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သမိုင်းမှာ အထင်အရှားရှိခဲ့တဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးဟာ (၇၅)နှစ်ပြည့်မြောက်ပြီးလည်းဖြစ်ပါတယ်။   ကျွန်တော် ဒီဆက်ဆံရေးနဲ့ ပတ်သက်ပြီး    ငယ်ဘဝတုန်းက သတိရတာလေး တစ်ချက်ကို အဆွေတော်ကို တင်ပြချင်ပါတယ်။ ကျွန်တော် ငယ်ဘဝတုန်းက ဆိုဗီယက် ပြည်ထောင်စုကို မြန်မာနိုင်ငံက ဝန်ကြီးချုပ်ဦးနု လာတဲ့အချိန် ကျွန်တော် ကလေးဘဝက ပထမဦးဆုံးမြင်ဖူးခဲ့တဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အဲဒီကတည်းက ကျွန်တော် မြန်မာနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားခဲ့ပါတယ်။ အခုဆိုရင် အဆွေတော်ဝန်ကြီးချုပ်နဲ့ ကျွန်တော် အင်တာဗျူး မေးမြန်းတဲ့အဆင့်ထိ   ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ပထမဆုံး မေးချင်တဲ့ မေးခွန်းကတော့ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြားမှာ မည်သည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေက အအောင်မြင်ဆုံးဖြစ်ပြီးတော့ မည်သည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသေးလဲဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ရုရှားနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကတော့ နှစ်ပေါင်းများစွာရှိခဲ့ပြီး သမိုင်း ဟိုးရှေးကတည်းက ရှိခဲ့ပါတယ်။ နောက်ကျရင် ဒါလေးကို အထောက်အထားလေး တစ်ခု ကျွန်တော်ပြပါမယ်။ သံတမန်ဆက်သွယ်မှုကတော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစခဲ့ပါတယ်။    အခုဆိုရင် (၇၆)နှစ်တာ ကာလ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကတော့ တော်တော်လေး များပါတယ်။ လွတ်လပ်ရေးရတဲ့ခေတ်က စပြီးတော့ ပြောမယ်ဆိုရင်တော့ နယ်ပယ်ပေါင်းစုံရှိခဲ့တာ ကျွန်တော်တွေ့တယ်။   သို့သော်လည်းပဲ ဒီဘက် နောက်ပိုင်းမှာတော့ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုများလာတာကို ကျွန်တော်တို့တွေ့တယ်။ ကာကွယ်ရေးဆိုတာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ တပ်မတော်ပိုင်းဆိုင်ရာနဲ့ တစ်ဖက်ကတော့ နည်းပညာနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပေါ့။

မြန်မာနိုင်ငံ မြန်မာ့တပ်မတော် ခေတ်မီရေးအတွက် ရုရှားနိုင်ငံက ကူညီပံ့ပိုးပေးခဲ့သလိုပဲ မြန်မာ့တပ်မတော်က အရာရှိတွေ တော်တော်များများကို ရုရှားနိုင်ငံမှာ သိပ္ပံပညာ၊ နည်းပညာ၊ စစ်ဘက်အတတ်ပညာ ဒါတွေကို များစွာသင်ပေးခဲ့တာပေါ့။ ဒါနယ်ပယ်ကတော့ ဒါအကြီးမားဆုံးဟာပါပဲ။ ဒါပေမဲ့ ဒါတွေလားဆိုတော့ မဟုတ်သေးဘူး။ ကျန်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဘက်ဆိုင်ရာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ စသဖြင့် ဒါတွေရှိပါတယ်။ ယခုကျွန်တော်တို့နဲ့ ဆောင်ရွက်ဆဲ ကိစ္စထဲမှာဆိုလို့ရှိရင် Rosatom ရုရှားနိုင်ငံရဲ့ အဏုမြူစွမ်းအင် ကွန်ပိုစာအဖွဲ့နဲ့    လုပ်နေတာကတော့ အသေးစား အဏုမြူစွမ်းအင် ဓာတ်အားပေးစက်ရုံ လုပ်ငန်းတစ်ခုရှိပါတယ်။  နောက်တစ်ခုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ရုရှားနည်းပညာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ပြီးတော့မှ မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာ ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက်ရေးလုပ်ငန်း ၊ အခုလက်ရှိ ဒီရုရှားနည်းပညာနဲ့ ထုတ်ယူထားတဲ့ ဓာတ်မြေသြဇာကို အသုံးပြုတဲ့အခါမှာ တော်တော်အောင်မြင်တယ်လို့ ကျွန်တော်တို့ပြောပါတယ်။ ဒါလည်း တိုးချဲ့ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ့အပြင် သတ္တုတူးဖော်ရေး လုပ်ငန်း၊ လေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း၊ အခြားဆိုလာနဲ့ ပတ်သက်တဲ့ လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း စသဖြင့် နယ်ပယ်များစွာရှိတယ်။ ဒါတွေ ကျွန်တော်တို့ ဆက်လက်လုပ်ဖို့လည်း အစီအစဉ်ရှိကြောင်း အဆွေတော်ကို ကျွန်တော်ပြောလိုပါတယ်။

မေး။  ။  လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ။ ဝန်ကြီးချုပ်အနေနဲ့ အစိုးရအဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူပြီး သတ်မှတ်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာမှာ ပြီးမြောက်ပြီးဖြစ်သည့် လုပ်ငန်းစဉ်များနဲ့ မကြာမီဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ စပြီးတာဝန်ယူတဲ့ အချိန်တုန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တဲ့ အတွက်ကြောင့် ဒီအပေါ်မှာဖြေရှင်းဖို့ ဆောင်ရွက်နိုင်ပေမယ့်လည်း အဓမ္မနည်းနဲ့ အာဏာယူဖို့ ကြိုးစားလာတယ်။   ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စပြီးရှင်းရမယ့်ပြဿနာက မဲမသမာမှုကိစ္စကို စပြီးဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။

အဲဒီတော့ မဲမသမာမှုလုပ်တဲ့နေရာမှာ ကျွန်တော်တို့ စိစစ်တဲ့အခါကျတော့  UEC ကိုကျ အသစ်ပြန်လည် ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ UEC ကနေပြီးတော့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ပြန်လည် ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီး စစ်စေတဲ့အခါမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အဲ့တုန်းက UEC ကနေ ကြေညာခဲ့တဲ့ မဲစာရင်းက ၃၈ သန်းကျော်ရှိပါတယ်။ မဲမသမာမှုကို ပြန်လည်စစ်ဆေးဖော်ထုတ်တဲ့ အခါမှာ ၁၁ ဒသမ ၃ သန်းထိ မဲမသမာမှုလုပ်ခဲ့တာ တွေ့ရတယ်။ ဆိုလိုတာကတော့ ၃၀ ရာခိုင်နှုန်းနီးပါးလောက်  မဲမသမာမှုလုပ်တယ်။ တော်တော်ကြီးမားတဲ့ မဲမသမာမှုလုပ်ငန်း ဖြစ်ပါတယ်။ တစ်နေရာတည်းလား၊ နေရာအနည်းငယ်ပဲဖြစ်တာလား ဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့   ၃၁၅ မြို့နယ်စလုံးမှာ ရာဂဏန်းကနေ သိန်းဂဏန်းအထိ မဲလွဲမှားမှုတွေဖြစ်ပါတယ်။ နိုင်ငံရေးအရ ရိုးရိုးသားသား ပြောတာပါ။

မဲမသမာမှုလုပ်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ပြောပါတယ်။ ဒါက တော်တော် အကျည်းတန် အရုပ်ဆိုးခဲ့တဲ့ကိစ္စ၊ ဒါကိုဖော်ထုတ်ပြီး တွေ့ရှိတဲ့အခါမှာ တာဝန်ရှိတဲ့သူ အားလုံးကို ကျွန်တော်အရေးယူခဲ့တာ  ပထမဦးဆုံး စလုပ်ခဲ့ပါတယ်။

အဲဒီတော့ အဆွေတော်လည်း သိပြီးတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ အဲ့ကာလတုန်းက ကျွန်တော်တို့က ကိုဗစ်-၁၉ ဖြစ်လာတဲ့ ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း Second Waveဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး လူပေါင်း ၆ သိန်းကျော်လောက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု ခံခဲ့ရပါတယ်။ တော်တော်များများလည်း သေခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက်    ဒါသေချာ ကျွန်တော်ဦးဆောင်ပြီး ဒီဟာကိုလုပ်ခဲ့တာဖြစ်ပါတယ်။ တိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်မှာလည်း အခက်အခဲတွေ အများကြီးကြုံခဲ့ပါတယ်။ တစ်အချက်ကတော့ ကုသဆေးပေါ့။   ကာကွယ်ဆေးတွေ ကျွန်တော်တို့မှာမရှိဘူး။ အောက်ဆီဂျင်တွေမရှိဘူး။ ဒါကိုလည်း အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံတွေက ကူညီပေးတာ။ အဆွေတော်တို့ ရုရှားနိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံတွေကနေပြီးတော့ ကာကွယ်ဆေးတွေ ကျွန်တော်တို့ကို ကူညီပေးတာတွေရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အသက်ပေါင်းများစွာ ကူညီပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးလည်း Third Wave ထိဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော် လျင်မြန်စွာ ထိန်းချုပ်နိုင်တဲ့ အတွက်ကြောင့် ဒီဟာကိုလည်း ကျွန်တော် ကျော်လွှားနိုင်ပြီလို့ ပြောလို့ရပါတယ်။ ဒါဒုတိယ ဆောင်ရွက်ခဲ့တဲ့ အချက်ဖြစ်ပါတယ်။

တတိယအချက်ပေါ့ အဲ့ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီကိုဗစ်ရောဂါ ဖြစ်တာနဲ့အတူတူပဲ၊ တစ်ကမ္ဘာလုံးမှာဖြစ်တဲ့ဟာ တစ်ခုကတော့ စီးပွားရေး ကျဆင်းမှုပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း စီးပွားရေး ကျဆင်းမှုဖြစ်ပါတယ်။ သို့သော်လည်းပဲ  ဒီကိုဗစ်ရောဂါကြောင့် ဖြစ်တာပဲ မဟုတ်ဘဲနဲ့ ၂၀၁၈ ခုနှစ် လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့်  ကျဆင်းခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ စီးပွားရေးပြန်လည် နာလန်ထူမှုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် ကျွန်တော်တို့ စီးပွားရေး နာလန်ထူတာလည်း ရှိပါတယ်။  ဒီအတွက်လည်း တော်တော်လေး ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာရှိပါတယ်။ ၂၀၂၁-၂၂-၂၃ တောက်လျှောက်ကို စီးပွားရေးပြန်လည် ဦးမော့လာတဲ့ အခြေအနေတော့ ကျွန်တော်တို့ရရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းရေးမှာလည်း ၂ ခုရှိတာပေါ့၊ တစ်ခုကတော့ ဒီအရေး ပေါ်ကာလဖြစ်ပြီးတဲ့ အချိန်မှာလည်း သဘောထား ကွဲလွဲတဲ့သူတွေကတော့ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေဖြစ်ခဲ့တာ တစ်ပိုင်းရှိပါတယ်။

ဒါကိုလည်း ကျွန်တော်တို့ပြန်ပြီးတော့  တည်ငြိမ်အောင် ကြိုးစားရတာပေါ့။ နောက်တစ်ခုကတော့ ၁၉၄၈ ခု လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေနဲ့ စခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိ ကျွန်တော်တို့ ဖြစ်နေတုန်းပါ။   ဒါဟာလည်း   ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှု   အခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရတာရှိတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်က  ကျွန်တော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ သဘောတူညီချက်တစ်ခု ကျွန်တော်တို့ရခဲ့ပါတယ်။ အဲ့ဒါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ဖြစ်ပါတယ်။ ဒါကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ ရအောင် ထိန်းသိမ်းခဲ့တာ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အခုထိ ကျွန်တော်တို့ ဒါကိုပဲထိန်းသိမ်းပြီး ဆောင်ရွက်ပါတယ်။  မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ ဒီတည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာတော့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။   ဒါ့ကြောင့်တည်ငြိမ်မှု ရအောင်လည်း ကျွန်တော်ကြိုးစား ဆောင်ရွက်ခဲ့ရတာရှိပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တက်လာခြင်းဟာ ကျွန်တော်တို့ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီရွေးကောက်ပွဲပေါ့လေ။ ရွေးကောက်ပွဲ မဲမသမာမှုကနေဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ဖြစ်ပါတယ်။ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်တွေပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေ ပြီးလို့ရှိရင် အမျိုးသား ကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်။ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့ (၆)လအတွင်းမှာ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်။ အဲတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်း မှန်ကန် ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်။ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့    ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။

မေး။ ။ အဆွေတော်ဝန်ကြီးချုပ်အနေနဲ့ ရုရှားနိုင်ငံကို အကြိမ်ပေါင်း မြောက်မြားစွာ ရောက်ရှိခဲ့တယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ရောက်ရှိတဲ့အချိန်မှာလည်း အဆွေတော်အနေနဲ့ ရုရှားနိုင်ငံရဲ့ အထင်ကရ နေရာတွေကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မေးချင်တဲ့ မေးခွန်းကတော့ အဆွေတော်အနေနဲ့ ရုရှားနိုင်ငံ အပေါ်မှာ ဘယ်လိုမျိုးမြင်ပါသလဲ။   ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အနည်းငယ်လေး ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကတော့ အလှမ်းတော့ ဝေးပေမယ့်လည်း စိတ်ချင်းနီးတဲ့ နိုင်ငံတွေတစ်ခုဖြစ်တာပေါ့။ နောက်ခံအကြောင်းအရာတွေလည်း တူခဲ့တဲ့ နိုင်ငံတွေ ဖြစ်တယ်။ ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ အရင်ဆိုဗီယက်ပေါ့။ ဆိုဗီယက်ခေတ်တုန်းကလည်း ရုရှားက ကမ္ဘာ့ဦးဆောင်နိုင်ငံ တစ်ခုအနေနဲ့ ကမ္ဘာမှာ ကမ္ဘာရဲ့အင်အား Balance ဖြစ်အောင် ထိန်းနိုင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ နောက်တစ်ခါ နောက်ပိုင်းမှာတော့ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲ သွားပြီးတော့မှ ရုရှားနိုင်ငံက တော်တော်ရုန်းကန်ခဲ့ရတာရှိပါတယ်။ အဲဒီမှာတော့ ရုရှားပြည်သူတွေရဲ့ စိတ်ဓာတ်ပေါ့။ နောက် အစိုးရရဲ့ဦးဆောင်မှုပေါ့။ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ ဒါတွေနဲ့ ရုရှားနိုင်ငံ လက်ရှိအခြေအနေမှာလည်း  ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခု အဖြစ်ရှိ နေတာဖြစ်ပါတယ်။ နောက် ကမ္ဘာ့ရဲ့ ဟန်ချက်တစ်ခုကို ထိန်းထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ ကျွန်တော်မြင်ရတဲ့ မြင်ကွင်းတွေ ကြည့်ရလို့ရှိရင် ရုရှားနိုင်ငံက တိုးတက်မှုရှိတဲ့ နိုင်ငံတစ်ခုပါ။  ရုရှားနိုင်ငံ  ထူးခြားချက်က မြောက်ပိုင်းမှာရှိပြီးတော့ ရာသီဥတုအေးမြတဲ့ ဒေသတွေမှာရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်တယ်။   နောက် ကမ္ဘာ့အရှေ့နဲ့ အနောက်နဲ့ တည်ရှိနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံဟာ  ကမ္ဘာမှာ ဒီသဘာဝ အနေအထားအရလည်း အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော်တော့ ရှုမြင်ပါတယ်။ဆက်လက်ပြီးတော့လည်း ရုရှားနိုင်ငံဟာကမ္ဘာရဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာလည်း ရှိနေလိမ့်ဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့  အပြည့်အဝ ယုံကြည်ပါတယ်။

မေး။ ။ အခုလိုမျိုး ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့ ပြောပြလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း မြန်မာနိုင်ငံကို အကြိမ်ပေါင်း မြောက်မြားစွာ ရောက်ဖူးပါတယ်။  မြန်မာနိုင်ငံကလည်း အရမ်းကို သာယာလှပတဲ့နိုင်ငံတစ်ခု ဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ပြည်ပ ခရီးသွားတွေက ပြီးခဲ့တဲ့နှစ်ကဆိုရင် ၁ သန်း ကျော် ဝင်ရောက်တယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်။ အဆွေတော် ဝန်ကြီးချုပ်အနေနဲ့  မြန်မာနိုင်ငံကို အထူးသဖြင့် ရုရှားနိုင်ငံကခရီးသွားတွေ အများဆုံး လာရောက်ဖို့အတွက်နဲ့ ပြီးလို့ရှိရင် ရုရှားနိုင်ငံသား ခရီးသွားတွေ မြန်မာနိုင်ငံရဲ့ အလှအပတွေနဲ့ သဘာဝ အလှတရားတွေကို   ထိတွေ့ခံစားနိုင်ဖို့အတွက် ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုအစီအမံတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။ ဒါကိုအကြမ်းဖျင်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကတော့ နိုင်ငံတကာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်း စိတ်ဝင်စားတဲ့လုပ်ငန်းရပ်ဖြစ်ပါတယ်။  သူကလည်း အဓိကဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာလည်း ထိုက်သင့်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ  လာကြပါတယ်။ သို့သော်လည်းပဲ တိုင်းပြည်ရဲ့ အခြေအနေအရပေါ့လေ  နိုင်ငံရေး အခြေအနေလည်း ပါပါတယ်။

နိုင်ငံရေးအခြေအနေ   လုပ်တဲ့အခါမှာ  လာသင့်လာထိုက်တဲ့ ပမာဏအထိ မရခဲ့တာကို ကျွန်တော်တို့ တွေ့ပါတယ်။  ရုရှားနိုင်ငံနဲ့  ပတ်သက်ရင်လည်း ရုရှားခရီးသွားတွေ    လာနိုင်ဖို့အတွက်ဒီဘက်မှာလည်း  ကျွန်တော်တို့ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားတာတွေရှိတယ်။ ဥပမာအားဖြင့် ဗီဇာ ကင်းလွတ်ခွင့်တွေပေးထားတာ ကျွန်တော်တို့ရှိတယ်။ နောက် လေယာဉ်တွေ တိုက်ရိုက်စီးနိုင်အောင်   ရန်ကုန်-မန္တလေး- နေပြည်တော် တင်မကဘူး  တခြားနေရာတွေမှာ ရုရှားကလာတဲ့ ခရီးသွားလေယာဉ်တွေ တိုက်ရိုက်ဆင်းလို့ရအောင် လေယာဉ်ကွင်းတွေ ပြင်ဆင်တာတို့၊  ခရီးသွားလုပ်ငန်းတွေ၊ လမ်းတွေ  ပြင်ဆင်ပေးတာတို့လည်း ကျွန်တော်လုပ်ထားတာရှိပါတယ်။ မြန်မာနိုင်ငံမှာ လေ့လာစရာနေရာတွေတော့ အများကြီး ရှိပါတယ်။  မြန်မာနိုင်ငံ တောင်ပိုင်းကနေ မြောက်ပိုင်းအထိ လေ့လာစရာနေရာတွေ အများကြီးရှိပါတယ်။ အဲတော့ ပြောရမယ်ဆိုလို့ရှိရင်တော့   မတူညီတဲ့ အသွင်အပြင်လက္ခဏာတွေ၊ ယဉ်ကျေးမှုတွေ၊ သဘာဝ အလှတရားတွေပေါ့။ ဒါတွေ ကျွန်တော်တို့ အများကြီးရှိပါတယ်။ ဒါတွေကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ရဲ့ အားသာချက်တစ်ခုက ဘာလဲဆိုတော့  စောစောက ကျွန်တော် ပြောခဲ့တဲ့ ရုရှားနိုင်ငံမှာ သွားရောက်ပညာသင်ခဲ့တဲ့ မြန်မာ ကျွန်တော်တို့အရာရှိတွေ အများကြီးရှိပါတယ်၊။သူတို့ကနေ ပြန့်ပွားလာတဲ့ အသိတွေ၊ အသိတွေက ရုရှားနိုင်ငံပေါ်မှာယုံကြည်မှု၊ ခင်တွယ်မှုပေါ့၊ ဒါတွေလည်း အများကြီးရှိတာပေါ့။ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး နားလည်တဲ့သူတွေ တော်တော်များများ ရှိတဲ့အတွက်ကြောင့် ဒါတွေကမြန်မာနိုင်ငံနဲ့  ရုရှားနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမှာလည်း များစွာ အထောက်အကူပြုမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ တစ်ဖက်ကလည်း  ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက်လည်း ရုရှားခရီးသွားအဖွဲ့နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအနေနဲ့   အလုပ်ရုံ ဆွေးနွေးပွဲတွေလည်း   ကျွန်တော်တို့ လုပ်နေသလို မြန်မာနိုင်ငံကနေပြီးတော့   မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း ဗြှု ကနေ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကို တစ်ပတ်ကိုနှစ်ကြိမ် ကျွန်တော်တို့ ခရီးသွားလုပ်ငန်း လေယာဉ်ခရီးစဉ်ဆွဲနေတာ  ရှိပါတယ်။ ခရီးသွားလုပ်ငန်းတွေ များလာတာနဲ့အမျှ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့  မြန်မာနိုင်ငံမှာ ရန်ကုန်-မန္တလေး-နေပြည်တော်နဲ့ တခြားနေရာတွေက မြို့တွေ ရောက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော် ဝန်ကြီးချုပ်ကို မေးချင်တာက  ရုရှားနိုင်ငံက နိုင်ငံခြား ခရီးသွားတွေအတွက် မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်သင့်တယ်ဆိုတာကို အကြံပြုပေးစေလိုပါတယ်။

ဖြေ။  ။ ကျွန်တော်အခုနပြောတာပေါ့နော်  မြန်မာနိုင်ငံရဲ့ တောင်ဘက်ကနေပြီးတော့  မြောက်ဘက်အထိ ကျွန်တော်တို့ ကြည့်မယ်ဆိုရင် မတူညီတဲ့ဒေသတွေ၊ အသွင်အပြင် လက္ခဏာတွေ    အများကြီးရှိတယ်။ တောင်ဘက်ဆိုရင်  ပင်လယ်ကမ်းရိုးတန်း ဒေသတွေ များစွာရှိတယ်။ အဲဒီမှာ ထင်ရှားတာကတော့ ငပလီတို့၊ ဧရာဝတီတိုင်း မှာလည်းရှိတယ်ပေါ့နော်။  ပင်လယ်ကမ်းခြေတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ မြန်မာပြည်ဟာ အလယ်ပိုင်း သွားလို့ရှိရင်တော့ ယဉ်ကျေးမှုနှင့် ပတ်သက်တဲ့ ရှေးဟောင်းမြို့တော်တွေ စေတီပုထိုးတွေလည်း များစွာရှိတယ်။ မြောက်ပိုင်းတက် သွားရင်တော့ မြင့်မားတဲ့ တောင်တန်းကြီးတွေ၊ အေးမြတဲ့ ရာသီဥတုတွေနဲ့ ကျွန်တော်တို့ တွေ့ရတာတွေရှိတယ်။ ဒါကတော့ မြေအနေအထား အရတွေ့ရတဲ့ အနေအထားမျိုးပေါ့။

ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ။   ကျွန်တော်တို့ ရာသီဥတုနဲ့ ပတ်သက်တာတွေ၊။ ကွဲပြားခြားနားမှုတွေ များစွာရှိတယ်။ ကျွန်တော်တို့တွေလည်း ရှိတယ်။ ဥပမာအားဖြင့် တောင်ပိုင်းမှာဆိုရင် မိုးများတာပေါ့။ အလယ်ပိုင်းဆို နေတော်တော်လေးပူတယ်။ မြောက်ပိုင်းဆိုရင်တော့ အေးမြရာသီဥတု ရှိတယ်။ နောက်တစ်ခါ အဲဒီဒေသတွေမှာပဲ ဥပမာအားဖြင့် အင်းလေးကန်လို ဟာမျိုး ယဉ်ကျေးမှု အမွေအနှစ်တွေ ကျွန်တော်တို့ရှိတယ်။ ကမ္ဘာမှာ ရှားပါးတဲ့ဟာ  အဲဒီနေရာမှာဆိုလို့ရှိရင် ကျွန်တော်တို့က ခြေထောက်နဲ့ လှေကိုလှော်တဲ့ဟာပေါ့၊ ကမ္ဘာမှာ တစ်နေရာပဲရှိတယ်   အင်းလေးကန်မှာ။ ကျွန်တော်တို့ဆီ ရှိတယ်။ ဒါပေမဲ့ လေ့လာမယ်ဆိုရင် ကြည့်လို့ရတာတွေ ကျွန်တော်တို့ရှိပါတယ်။ စောစောကပြောတဲ့    အဆွေတော်ပြောတဲ့   ရန်ကုန်တို့၊ နေပြည်တော်တို့ ဒီမှာလည်း အထင်ကရ ထင်ရှားတဲ့ ဘုရားကြီးတွေရှိသလို     အခုနေပြည်တော်မှာ နောက်ဆုံးတည်ခဲ့တဲ့ မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးရှိတယ်။ ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ကျောက်ဆစ် ရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ အလေးချိန် အကြီးမားဆုံး စံချိန်ချိုးထားတဲ့ဟာပေါ့။ ဒါတွေက ရုရှားနိုင်ငံက ခရီးသွား လာချင်တဲ့ ဧည့်သည်များလာပြီး ကြည့်ရှုမယ်ဆိုရင်လည်း လေ့လာဖွယ်ရာ ကောင်းတဲ့နေရာ တစ်ခုလို့  ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပတ်သက်လို့ ပြောသွားတာ ကျွန်တော်ကြားသိရပါတယ်။ အဲဒီနေရာမှာ အဆွေတော်ရဲ့ မွေးရပ်မြေ ထားဝယ်မြို့ရှိတယ်လို့ သိရှိရပါတယ်။ ထားဝယ်မြို့အနေနဲ့ ဘယ်လိုမျိုး ထူးခြားမှုမျိုး ရှိပါသလဲ၊    ဘယ်လိုလှပမှုမျိုး ရှိပါသလဲ။

ဖြေ။ ။ တောင်ပိုင်းဒေသမှာပေါ့  တောင်ပိုင်းဒေသမှာတော့ ကျွန်းတွေ အများကြီးရှိတယ်။ ကျွန်းတွေရဲ့သဘာဝအလှတွေ၊  ရေအောက်သဘာဝအလှတွေ ကျွန်တော်တို့ အများကြီးရှိပါတယ်။အဲဒါတွေ ကြည့်မယ်ဆို ကျွန်တော်တို့  ကြည့်လို့ရပါတယ်။ နောက် ပင်လယ်ကမ်းခြေပေါ့။ ထားဝယ်ဒေသမှာဆို  မောင်းမကန်ပင်လယ် ကမ်းခြေက နာမည်ကြီးပါတယ်။နောက်တစ်ခါ  အနာဂတ်အတွက် အမြော်အမြင် ရှိတာကတော့ ဘာလဲဆိုတော့ Deep Sea Port ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု လုပ်လို့ရတဲ့ အနေအထားရှိတယ်။ အဲဒါကတော့ တန်ချိန် ၂ သိန်းနှင့် အထက် သင်္ဘောတွေရပ်နိုင်တဲ့   ဆိပ်ကမ်းတစ်ခု  ကျွန်တော်တို့ လုပ်နေတာရှိပါတယ်။ အဲဒါလည်း ရုရှားနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။

ဒါကတော့     တောင်ပိုင်းဒေသမှာတွေ့ရတာ။  တစ်အချက်ကတော့ ကျွန်တော်တို့ ကျွန်းတွေရှိတယ်။ နောက်တစ်ခါ ပင်လယ်ကမ်းခြေရှိတယ်။ နောက်- အဲမှာလည်း ပုလဲထုတ်လုပ်မှု လုပ်ငန်းတွေရှိတယ်။ ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့ ပုလဲတွေ အဲဒီဒေသမှာ ကျွန်တော်တို့ဆီကထွက်တယ်။ ကျွန်တော်တို့ နှစ်စဉ်နှစ်တိုင်းလည်း ကျွန်တော်တို့ ဒီပုလဲရောင်းချပွဲတွေ ကျွန်တော်တို့လုပ်ပါတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျွန်တော် ပြောလို့ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံက ထွက်တဲ့ပုလဲကတော့ ကမ္ဘာမှာ အကောင်းဆုံးအဆင့်ရှိတဲ့  ပုလဲတွေ၊ သဘာဝပုလဲပေါ့။ မွေးပုလဲတွေ ကျွန်တော်တို့ဆီမှာရှိပါတယ်။  နောက်တစ်ခါ ရေအောက်သယံဇာတ လုပ်ငန်းတွေအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကြည့်စရာတွေ အများကြီးရှိတယ်။   အဲဒါနဲ့ပတ်သက်ပြီးတော့ ခင်ဗျားကိုလည်း ကျွန်တော် Documentary တစ်ခု  ပေးလိုက်ပါမယ်။

မေး။ ။ အခုလိုမျိုး အဆွေတော်ဝန်ကြီးချုပ် အနေနဲ့ နိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့ အတွက်   အချိန်တွေ အများကြီးပေးပြီးတော့    နိုင်ငံရဲ့တာဝန်တွေကို ထမ်းဆောင်နေရတာဖြစ်ပါတယ်။   ဒါပေမဲ့လည်း လူတိုင်းမှာတော့ အားလပ်ချိန်ဆိုတာ ရှိရမယ်လို့ ယုံကြည်ပါတယ်။ ခုနကကျွန်တော်တို့ ဝင်ရောက်တွေ့ဆုံ နှုတ်ဆက်စဉ် ကျွန်တော့်ကို လက်ဆွဲတဲ့အချိန်မှာ အဆွေတော်ရဲ့ အင်အားသန်မာမှုကို ကျွန်တော် ခံစားမိပါတယ်။ နောက်ပြီးတော့ အဆွေတော်ရဲ့ အားကစားဝတ်စုံနဲ့ ဓာတ်ပုံတွေလည်း ကျွန်တော်မြင်ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်သိချင်တာက အဆွေတော်အနေနဲ့ အားလပ်ချိန်တွေမှာ ဘယ်လိုမျိုး အကျိုးရှိအောင်   အသုံးချလဲဆိုတာ ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရော တာဝန်ယူထားတဲ့အတွက်ကြောင့် အားလပ်ချိန်တော့ ကျွန်တော် နည်းတာတော့ အမှန်ပါပဲ။ သို့သော်လည်းပဲ ကျွန်တော် ကျန်းမာရေးတော့ ဂရုစိုက်ရတာပေါ့။ နေ့စဉ်နဲ့ဆိုရင်တော့ မနက်ပိုင်း လမ်းလျှောက်တာ ကျွန်တော် လုပ်ပါတယ်။ အချိန်ပေးနိုင်တယ်ဆိုရင် ကျွန်တော် စနေ၊ တနင်္ဂနွေဆိုရင် ဂေါက်ရိုက်တယ်။ ဂေါက်လည်း ကစားပါတယ်။   နောက်တစ်ခါ ကျွန်တော်စာဖတ်တာပေါ့။ စာဖတ်တယ်၊ ရတဲ့အချိန်လေးမှာ အကြောင်းအရာတစ်ခုရရ၊ နှစ်ခုရရ ကျွန်တော်ကြိုးစားပြီးတော့ ဖတ်ပါတယ်။၁၀ မိနစ်၊ ၁၅ မိနစ်၊ နာရီဝက် စသည်ဖြင့် ဒီလိုအချိန်လေးတွေ ယူပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကြည့်သင့်ကြည့်ထိုက်တဲ့ လေ့လာသင့်တဲ့ဟာတွေ ကျွန်တော်ကြည့်ပြီး မှတ်ချက်တွေ မှတ်တာပေါ့။  အဲဒါတွေနဲ့  ကျွန်တော့်ရဲ့ အသိပညာရအောင်လည်း ကြိုးစားတာတွေရှိပါတယ်။ ခုနက အားကစားမှာ လမ်းလျှောက်တာတို့၊ ဂေါက်ရိုက်တာတို့ ကျွန်တော်လုပ်ပါတယ်။ စိတ်ရဲ့လန်းဆန်းမှု ကျွန်တော်တို့ ဖြစ်တာပေါ့။   နေ့စဉ်နဲ့အမျှတော့ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားလုပ်ပါတယ်၊။ နောက်တစ်ခုကတော့ ရတဲ့အချိန်လေးမှာ မိသားစုနဲ့ ရအောင် တွေ့ဆုံပြီးတော့မှ နွေးထွေးတဲ့ ဆက်ဆံမှု ရအောင် အမြဲတမ်းကြိုးစားတယ်။

မေး။ ။ အဆွေတော်အနေနဲ့ မိသားစုနဲ့  နွေးနွေးထွေးထွေး အချိန်ပေး ဆက်ဆံတယ်ဆိုတဲ့ အကြောင်းကို သိရပြီးတဲ့နောက်မှာ ကျွန်တော်တို့ နောက်ထပ်မေးခွန်းကတော့ အဆွေတော်ဟာ ခင်ပွန်းကောင်း တစ်ယောက်လည်းဖြစ်သလို ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တယ်လို့ သိရှိရပါတယ်။ မိမိရဲ့သားသမီးကို အဆွေတော်အနေနဲ့ ဘဝမှာ ဘယ်လိုသင်ခန်းစာတွေက အရေးကြီးလဲ။ ဘယ်ဟာမျိုးတွေကို လက်ဆင့်ကမ်း အမွေပေးမလဲဆိုတာလေးကို အကျဉ်းရုံး ရှင်းပြ ပေးစေလိုပါတယ်။

ဖြေ။ ။ အရေးကြီးတာကတော့ ကလေးတွေ၊ မိသားစုတွေကိုပေါ့။ သားသမီးတွေကတော့ အတတ်ပညာ၊ အသိပညာ၊ အတတ်ပညာရှိပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူတွေဖြစ်ဖို့လိုတယ်။  ဒါ သူ့ရဲ့ တစ်ဦးချင်းရဲ့ ကာရိုက်တာပေါ့။ နောက်တစ်ခုကတော့ စိတ်နေစိတ်ထားတွေပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာရှိတယ်။ မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားပေါ့ - ဒါလေး ကျွန်တော်တို့ ပြောကြတာပေါ့။ မကောင်းတဲ့ဟာတွေ မလုပ်နဲ့ ကောင်းတဲ့ဟာတွေ လုပ်ပေါ့။ စိတ်ကိုသန့်သန့်ရှင်းရှင်းထားပေါ့။ ဒါတွေ မိသားစုမှာ အမြဲတမ်းရှိအောင် ကျွန်တော့သားသမီးတွေကို     ဒါတွေအမြဲတမ်း  ဆုံးမပေးတာလည်း ရှိပါတယ်။   သူတို့ကတော့ ကျွန်တော်က နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အတွက်ကြောင့်၊ တပ်မတော်သားဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က     နယ်တွေ သွားနေရတာတွေ ရှိတာပေါ့၊ အပြင်သွားနေရတာ ရှိတာပေါ့။ မိသားစုနဲ့ အနီးကပ်နေဖို့ဆိုတာ အချိန်ကတော့ သိပ်တော့မရှိခဲ့ဘူး။သူတို့ကတော့ ကိုယ့်ပညာကိုယ်ကြိုးစား၊  သို့သော်  အမေက ထိန်းပေးထားတာရှိတယ်။ နောက်တစ်ခုကတော့ ရိုးရိုးသားသား  လုပ်ကိုင်စားသောက်ခြင်းပေါ့။ ဒီစိတ်ဓာတ်ကို  ကျွန်တော်က  လုပ်ထားတယ်။ နောက်တစ်ခုကတော့ သူတို့ရဲ့အသိပညာဆိုတာလည်း  အတွေ့အကြုံကနေရတာ၊ အသိပညာ အတွေ့အကြုံကနေပြီး အသိပညာပိုရှိအောင် လုပ်ကြတာပေါ့။ သူများ အတွေ့အကြုံကို ရအောင်ယူရတာလည်းရှိတာပေါ့၊ ကိုယ့်အတွေ့အကြုံတင် မဟုတ်ဘဲ မိဘအတွေ့အကြုံနဲ့ မရသေးဘူး။ မိဘပြောတဲ့ အတွေ့အကြုံနဲ့မရဘူး။ သူတို့ကနေ သူတို့ဆက်ဆံရတဲ့လူတွေကနေပြီးတော့ အတွေ့အကြုံတွေရှိတယ်။     ဒါတွေကိုထိတွေ့ဆက်ဆံခြင်းအားဖြင့်၊ လေ့လာခြင်းအားဖြင့်ရတဲ့ အတွေ့အကြုံ၊ သူတို့ရဲ့ဘ၀ တိုးတက်ဖို့အတွက် အသုံးချနိုင်ဖို့အတွက်   ဒါအမြဲတမ်း   သူတို့ကိုလည်း ကျွန်တော်ပြောတာပေါ့။သူတို့ ဒါတွေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတာကိုလည်း ကျွန်တော်တွေ့ပါတယ်။

မေး။ ။ ခုနက အဆွေတော်ပြောသွားတဲ့ ဒီဗုဒ္ဓနဲ့ပတ်သက်တဲ့ အကြောင်းကို  ပြောသွားတဲ့အတွက် ကျွန်တော် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးချင်ပါတယ်။ ကျွန်တော်သိသလောက်တော့ မြန်မာနိုင်ငံမှာနေထိုင်တဲ့ လူအများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရဲ့ သာသနာတော်ဟာ စည်ပင်ထွန်းကား နေတာကို တွေ့ရှိရပါတယ်။ အခု ကျွန်တော်တို့ ရန်ကုန်မြို့မှာရှိတဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးဟာ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ထားတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးကို အခေါက်ပေါင်းများစွာ သွားပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖူးမြော်ကြည်ညိုပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့      ကျွန်တော်သိချင်တာက အဆွေတော်ရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်ကို  အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။  ။ ကမ္ဘာမှာတော့ ကိုးကွယ်တဲ့ဘာသာတွေ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ စသည်ဖြင့်ရှိတာပေါ့။

တူညီတဲ့ ဒီကိုးကွယ်ရာဘာသာအလိုက် တူညီတဲ့ အကြောင်းအရာ အချက်တွေမှာလည်း  တည်ငြိမ်အေးချမ်း၊ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိုပဲ ဦးတည်ပြီးသွားကြတာတွေ့တယ်။ သို့သော် ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟောတဲ့ တရားထဲမှာတော့ ထူးခြားတာတစ်ခုရှိတယ်။ အဲဒါကတော့ ဓမ္မနဲ့ပတ်သက်ပြီး ပြောပြတာရှိပါတယ်။

ဓမ္မ၊ ဓမ္မဆိုတာကတော့ သီလ၊ သမာဓိ၊ ပညာလို့ ကျွန်တော်တို့ပြောတာပေါ့။ တခြားဘာသာတွေမှာ ကျွန်တော်တို့ မတွေ့ဘူး။ သို့သော် မြတ်စွာဘုရားဟောတဲ့အထဲမှာ ဓမ္မဆိုတဲ့ တရားလေးတစ်ခုရှိတယ်။ တစ်အချက်ကတော့ သီလဆိုတာတော့ ကိုယ်/နှုတ်ပေါ့။ ကိုယ်နဲ့နှုတ်နဲ့၊ နှုတ်ကနေ ကြမ်းတမ်းတဲ့စကားပြောတာတို့၊ အမူအယာအားဖြင့် လုပ်တာတွေကို ကျွန်တော်တို့မလုပ်ဖို့ မြတ်စွာဘုရားက ဟောထားတယ်။ သီလနဲ့နေကြဖို့ဆိုပြီးပြောတာပါ၊ သမာဓိ-သမာဓိဆိုတာစိတ်နဲ့ ပတ်သက်တာ၊ ကောင်းတဲ့စိတ်ကို မွေးတာ၊ မကောင်းတဲ့အကြံအစည် ဘာမှမလုပ်နဲ့၊ ကောင်းတဲ့အကြံအစည်ပဲလုပ်ပြီး စိတ်ကိုဖြူစင်တဲ့ စိတ်ကိုထားပေါ့၊ သီလ၊ သမာဓိရယ် မြတ်စွာဘုရားက ဟောခဲ့တာပေါ့။ ပညာနဲ့ပတ်သက်လို့ပေါ့၊ ပညာ ဆိုတာကတော့ နက်ရှိုင်းစွာသိအောင် ဆောင်ရွက်ခြင်းပါပဲ။ နက်ရှိုင်းစွာသိတဲ့ သူတွေက ပညာရှင်တွေဖြစ်

ကြတယ်။ ပညာတတ်တယ်ဆိုတာ ပညာတတ်တဲ့ အတိမ်အနက်အပေါ် မူတည်ပြီးတော့   သူသည်  ပညာရှင်အဆင့်ထိ  ဖြစ်လာကြတာ ဒါ့ကြောင့် ဒီသုံးချက်ကတော့ ဗုဒ္ဓဘာသာ- ဗုဒ္ဓမြတ်စွာဘုရားရဲ့ ထူးခြားတဲ့တရားတော်ထဲမှာ ပါတာပေါ့။ ဒါကြောင့် ဒီအဆုံးအမတွေကတော့ ကျွန်တော်ထင်တယ်။ ဘယ် လူမျိုးမဆို လိုက်နာသင့်တဲ့ တရားလို့ ကျွန်တော်တော့ ယူဆပါတယ်။   ဒါကြောင့်  ဒီထူးခြားတာလေး ကတော့ ဗုဒ္ဓဘာသာအပိုင်းက  ကျွန်တော်တို့အနေနဲ့ကတော့ တန်ဖိုးအင်မတန်ထားပါတယ်။ ဗုဒ္ဓဟောတဲ့အထဲမှာ  အမြင့်ဆုံးလို့   ကျွန်တော်တို့   ယူဆပါတယ်။

မေး။  ။ အခုလိုမျိုး ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ရှင်းပြပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေ သိရှိသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အင်တာဗျူး အစီအစဉ်ရဲ့ နာမည်ကတော့ Formula of Power ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ကနေ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဓိကကျတဲ့ သံဃာတွေ ဘုန်းကြီးတွေနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ အများကြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ အင်တာဗျူးပေါင်းကလည်း ၄၀၀ ကျော်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အစဉ်အလာအရ မေးခွန်းအနေနဲ့ မေးချင်တာကတော့    အဆွေတော်ဝန်ကြီးချုပ် Power  ကို  ဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်ပါသလဲ။ Power နဲ့ပတ်သက်ပြီး အဆွေတော်ဝန်ကြီးချုပ်ရဲ့ အမြင်သိချင်ပါတယ်။

ဖြေ။ ။ Power ဆိုတာက အင်အားတစ်ခုကို တည်ဆောက်တာ၊ အင်အားတစ်ခုရှိအောင် လုပ်တာပေါ့။ ဟိုးရှေးခေတ်ကတည်းက ကြည့်လို့ရှိရင်လည်း အင်အားနည်းတဲ့ သူတွေက တစ်ဖက်လူကို လာလွှမ်းမိုးနိုင်အောင် အင်အား တည်ဆောက်ရင်း တည်ဆောက်ရင်းနဲ့ တစ်ဦးချင်းကနေ အုပ်စုလိုက်တွေ၊ အုပ်စုလိုက်က နေပြီးတော့ နိုင်ငံအလိုက်တွေ၊ ဒေသလိုက်တွေ ဒီလိုဖြစ်လာခဲ့တာတွေရှိတယ်။ ဒါကတော့ အင်အားတည်ဆောက်ခြင်းရဲ့ အပိုင်းပဲ။ အင်အားမှာလည်း ကျွန်တော့် အမြင်လေးတစ်ခုရှိတယ်။ အဲ့ဒါအင်အားဆိုတာမှာ ဘယ်ဟာကို အင်အားလို့ ကျွန်တော်တို့ပြောတာတုန်း။ နိုင်ငံရေး အင်အားလား၊ စီးပွားရေး အင်အားလား၊ ဒါမှမဟုတ်လို့ရှိရင် သူ့ရဲ့ကာကွယ်ရေး အင်အားလား စွမ်းအားတွေပေါ့၊ အင်အား- စွမ်းအား အတူတူပါပဲ။ နိုင်ငံရေးအင်အားဆို တာကတော့ အတွင်းထဲမှာရှိတဲ့အား

တွေကို ကျွန်တော်တို့ဆိုလိုတာပေါ့။ နိုင်ငံအားကောင်းရင် အဲဒီတိုင်းပြည်ကတော့ စည်းလုံးညီညွတ်တဲ့တိုင်းပြည် အင်အားခိုင်မာမှုရှိတယ်ဆိုတာ ဖော်ပြတယ်။ နိုင်ငံရေးအား၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နိုင်ငံရေး သဘောထားတွေ တူညီမှုရှိမှာ မဟုတ်တဲ့အတွက်ကြောင့် အပြည့်အဝတော့ရမှာ မဟုတ်ဘူး။  သို့သော် ပြည်တွင်းမှာဆို နိုင်ငံရဲ့အင်အားက တူညီတဲ့သဘောထား  ရှိတဲ့အတွက် နိုင်ငံရေးအင်အား    တောင့်တင်းမှုတွေရှိတယ်။ နောက်တစ်ခုကတော့  စီးပွားရေး၊စီးပွားရေး အားကောင်းတယ်ဆိုရင်  သူကတော့  ချမ်းသာတယ်လို့ ပြောကြတယ်။ ချမ်းသာလို့ရှိရင်တော့ သူ့ရဲ့တစ်ဦးချင်းမှာလည်း ချမ်းသာတယ်လို့ဆိုရင် သူ့ရဲ့ Power ကိုရအောင် သူအသုံးချနိုင်တယ်။ ငွေကြေးအသုံးချ နိုင်တာရှိတယ်။ ဒေသတွင်းဆို ဒေသတွင်းအလျောက်၊ နိုင်ငံဆို နိုင်ငံအလျောက်ပေါ့။  နိုင်ငံတစ်နိုင်ငံကလည်း ငွေကြေးချမ်းသာတယ်ဆိုလို့ရှိရင် သူ့ရဲ့အင်အားကို အသုံးချနိုင်တာ  ကျွန်တော်တွေ့တယ်။  ဒီလိုပဲ ကာကွယ်ရေးအင်အားဆိုလို့ရှိရင် စစ်ရေးအင်အား တောင့်တင်းလို့ရှိရင် ဥပမာအားဖြင့် အဖွဲ့အစည်း တစ်ခုက လက်နက်၊ ခဲယမ်းမီးကျောက် အင်အားတောင့်တင်းတယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက သူ့ကိုမထိရဲဘူး၊ မလုပ်ရဲဘူး ဒါကသဘာဝပဲ။ အဲဒီတော့ နိုင်ငံတစ်ခုကလည်း ကာကွယ်ရေးအင်အား၊ စွမ်းအားတောင့်နေလို့ရှိရင်  ဒေသတွင်းမှာတော့ သူသည် အာဏာရှိတယ်။ ကမ္ဘာမှာကြည့်လိုက်ပါ၊ ကမ္ဘာမှာ ကြည့်လို့ရှိရင် ငွေကြေးချမ်းသာတဲ့ တိုင်းပြည်တွေဟာလည်း ငွေကြေးအင်အား နည်းပါးတဲ့တိုင်းပြည်တွေကို သြဇာလွှမ်းမိုးမှုရှိတယ်။ ဒီလိုပဲ စစ်ရေးအင်အား တောင့်တင်းတဲ့ တိုင်းပြည်တွေကလည်း စစ်ရေးအင်အားနဲ့ တခြားနိုင်ငံတွေကို ဖိအားပေးနိုင်တယ်။ ဒါကြောင့် ဒါဒီသုံးခုကတော့ ကျွန်တော်တို့အနေနဲ့ ဒီအား ၃ ခုကို အားနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါ့ကြောင့် နိုင်ငံတစ်ခု အင်အားရှိချင်ရင် လူတစ်ယောက် အားရှိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားရှိအောင် လုပ်ဖို့၊ ကိုယ့်အားကဘာလဲ၊ ကိုယ့်အားကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတည်ဆောက်မလဲ ဒီလိုသွားရမှာ ဖြစ်တယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media

ကျေးဇူးအများကြီးတင်ပါတယ်။  အခုလိုမျိုး ဆွေးနွေးပေးတဲ့ အတွက်၊ အခုလိုမျိုး ဆွေးနွေးဖြေကြားပေးတဲ့အတွက်လည်း    ကျေးဇူးအများကြီး တင်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်

ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ကောင်းပါပြီ၊ ကောင်းပါပြီ။     ။