ဘွဲ့တံဆိပ်တော်ရရှိသူများ၏ ရင်တွင်းစကားသံ

 

ဘွဲ့တံဆိပ်တော်ရရှိသူများ၏ ရင်တွင်းစကားသံ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ရှိသော အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဘွဲ့တံဆိပ်တော် ရရှိသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်။

ဘဒ္ဒန္တဝိလာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်)

    ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ပထမဦးဆုံး ရရှိခဲ့တဲ့ဘွဲ့က သဒ္ဓမ္မဇောတိကဓဇ၊ ဒုတိယဘွဲ့က  မဟာသဒ္ဓမ္မဇောတိကဓဇ၊ အခုတတိယမြောက်ရရှိတဲ့ဘွဲ့က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ဖြစ်ပါတယ်။ ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားဖို့အတွက် ရွှေတောင်ပရိယတ္တိစာသင်တိုက် ဖွင့်လှစ် ပေးထားပြီး စာချစာသင် အလုပ်တွေလုပ်ခဲ့ပါတယ်။ အဲဒီကနေ ဘုန်းတော်ကြီးသင် ပညာရေးသင်တဲ့  အချိန်ကျတော့လည်း ပထမဦးဆုံး ဘုန်းတော်ကြီးသင်ပညာရေး မူလွန်ကျောင်းအဖြစ် အမှတ်(၁)ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန် ပရဟိတ ကျောင်းကိုဖွင့်လှစ်ပြီး မူလတန်းကနေမူလွန် အဆင့်အထိ ကြိုးစားပြီးတော့ ပညာပါရမီ၊ ပညာဒါနပြုခဲ့ပါတယ်။ သာသနာတော်အဓွန့် ရှည်တည်တံ့ဖို့အတွက် ဓမ္မဓူတအလုပ်ကို အခြေခံပြီးတော့  ဝိပဿနာဓူရအလုပ်ကို လုပ်ရပါမယ်။ ဒီအလုပ်နှစ်မျိုးကို ကြိုးစား အားထုတ်မယ်ဆိုရင် သာသနာတော်အဓွန့် ရှည်ပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ ပရဟိတလုပ်ငန်း အများပြည်သူတွေအကျိုး ရှိအောင် ကလေးသူငယ်တွေကို ပညာဒါနကို ကြိုးစားအားထုတ်သင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဦးအောင်ကိုဇော် (သီရိသုဓမ္မမဏိဇောတ ဓရဘွဲ့)

ကျွန်တော်အသက် ၅၂ နှစ်ရှိပါပြီ။ သာ သနာတော်ကိုဘက်ပေါင်းစုံကနေ အနည်း နည်းအဖုံဖုံနဲ့ ထောက်ပံ့ခဲ့တာပါ။ နောင် လည်း ရေရှည်ထောက်ပံ့သွားဦးမှာပါ။ ဗုဒ္ဓ ဘာသာဝင်တစ်ယောက်အနေနဲ့ အရမ်းကို ပီတိဝမ်းသာဖြစ်ရပါတယ်။ ကြည်နူးလို့လည်း မဆုံးဖြစ်ရပါတယ်။ သာသနာတော်အတွက် ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမအနေ နဲ့လည်း ကျွန်တော့်မိသားစုအနေနဲ့ ခံယူ ထားပါတယ်ခင်ဗျ။ ကျွန်တော့်အနေနဲ့ပြောရရင် ဗုဒ္ဓဘာသာအားနည်းတာတော့ မဆိုလိုပါဘူး။ ကလေးတွေရဲ့ ခေတ်ကာလရေစီး ကြောင်းအရ ဖြစ်ပေါ်လာတဲ့ နည်းပညာတွေက ဘာသာတရားကို နည်းနည်းလေးမေ့လျော့ နေကြတာပေါ့။ ဘာသာတရားဆိုတာက ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အတွက် အင်မတန်မှ အထောက်အပံ့ဖြစ်တယ်ဆိုတာ  သူတို့တွေ တစ်နေ့နေ့တစ်ချိန် ချိန်မှာ သိလာပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ကပ်ကြီးသုံးပါးကျော်လွှားတဲ့အချိန်မှာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကြောင့် ကပ်ကြီးသုံးပါး ရဲ့အန္တရာယ်ကနေ တော်တော်လေးဝေးခဲ့ပြီး အဖိတ်အစဉ်လည်း အတော်လေးနည်းခဲ့ တာကိုတွေ့မြင်ရပါတယ်။ ဒါကြောင့် ကလေးတွေကို ပြောချင်တာက ဒီနေ့ခေတ်လူငယ် တွေအားလုံး ဘာသာတရားကိုမမေ့ကြပါနဲ့။ ရဟန်းသံဃာတွေနဲ့ မိဘ၊ ဆရာတွေကို လည်း မမေ့ကြပါနဲ့။ အားလုံးမွန်မြတ်တဲ့ ဌာန၊ မွန်မြတ်တဲ့ကဏ္ဍတွေမှာပါဝင်ကြပါလို့ ကလေး၊ လူငယ်တွေကို ပြောကြားလိုပါတယ်။ ဒီဘွဲ့တံဆိပ်က  ကျွန်တော့်ရဲ့ဘဝအတွက် ပထမဆုံးအကြိမ် ဘွဲ့တံဆိပ်ရရှိခြင်းဖြစ်တဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ် ရပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲမှာ ဘွဲ့တံဆိပ်ကို ရရှိတာဖြစ်တဲ့အတွက်လည်း  အင်မတန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။ နိုင်ငံတော် အကြီးအကဲနှင့်တကွ အစိုးရအဖွဲ့ဝန်ကြီးများ အားလုံးနဲ့ တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ဒေါ်နုနုငယ်(အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့)

    ကျွန်မက ၂၀၀၆ ခုနှစ်မှာ သုဓမ္မသိင်္ဂီဘွဲ့၊ ၂၀၀၈ ခုနှစ်မှာ သီဟသုဓမ္မသိင်္ဂီဘွဲ့၊ ၂၀၁၅ ခုနှစ်မှာ  သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ရရှိခဲ့ပါတယ်။ အခု နောက်ဆုံးရရှိတဲ့ဘွဲ့က အမြင့်ဆုံးဘွဲ့ဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ကို ရရှိတာဖြစ်ပါတယ်။ လှူနိုင် တန်းနိုင်တာကလည်း ကျွန်မငယ်ငယ်က ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်ပါတယ်။ အခုလို စီးပွားရှာပြီးတော့ တတ်နိုင်သရွေ့ လှူဒါန်းတာဖြစ်ပါတယ်။ အခုခေတ်လူငယ်တွေအနေနဲ့ ဘာသာ၊ သာသနာအပေါ်ကို လေးစားစေချင်တယ်။ ဒီဗိမာန်တော်ကြီးထဲမှာ ဒီအမြင့်ဆုံးတံဆိပ်ကို ရရှိတာဆိုတော့ ကိုယ့်ရဲ့ဆန္ဒလည်း ပြည့်ဝပါတယ်။ အရမ်းလည်းဝမ်းသာပါတယ်။ နိုင်ငံ တော် အကြီးအကဲတွေကိုလည်း  ကျေးဇူးတင်ပါတယ်။  ဒီထက်လည်း   ဆတက်ထမ်းပိုးပြီးတော့ သာသနာတော်ကို ထောက်ပံ့ လှူဒါန်းသွားပါ့မယ်လို့ ကတိပေးပါတယ်။

ဒေါ်စန်းစန်းဝေ(အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီဘွဲ့)

    ကျွန်မက ဘုရားဒါယိကာမ၊ ကျောင်းဒါယိကာမ၊  ရဟန်းအမပါရှင်။ မန္တလေးမှာ စာသင်တိုက်လည်း တည်ထောင်ထားပါတယ်။ ကျွန်မက လူငယ်၊ လူရွယ်လေး တွေကို ဘာသာရေးနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းစည်းရုံးပြောဆိုပါတယ်။ ဒီအခမ်း အနားကြီးကို အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီးအတွင်းမှာ ကျင်းပတဲ့အတွက် အစ ကတည်းက ဘွဲ့ရခဲ့ရင်တော့ တအားကို ဝမ်းသာမယ်လို့ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ထားတော့   မျှော်လင့်ထားတဲ့အတိုင်း တက်ရောက်ခွင့်ရတဲ့အတွက် တအားကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့တကွ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။

ဒေါ်တင်ညွန့် (သီရိသုဓမ္မသိင်္ဂီဘွဲ့)

   ကျွန်မက အင်းတော်ကြီးက လာရောက် ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ကပေးတဲ့ ဒီလို ဘွဲ့မျိုးကိုရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုမျိုး နိုင်ငံတော်အဆင့် အခမ်းအနားကို ကျင်းပပေးတဲ့အတွက် အလွန်ကောင်းပါ တယ်။ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးမှာ ပထမဆုံးအကြိမ် ဘွဲ့တံဆိပ်ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးကိုလည်း ဖူးရတော့ အလွန်ကောင်းပါတယ်။

အလှူအတန်းကိုလည်း ဒီထက်မကပိုပြီး ဆက်လက် လုပ်ဆောင်သွားပါ့မယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။