ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းနှင့် ဆောလျင်စွာပြန်လည်ထူထောင်ပေးနိုင်ခြင်းတို့ဖြင့်   မိုခါကိုဖြတ်ကျော်ခဲ့သည့် ရသေ့တောင်မြို့နယ်

 

ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းနှင့် ဆောလျင်စွာပြန်လည်ထူထောင်ပေးနိုင်ခြင်းတို့ဖြင့်   မိုခါကိုဖြတ်ကျော်ခဲ့သည့် ရသေ့တောင်မြို့နယ်

၂၀၂၃ ခုနှစ်  မေလ ၁၄ ရက်နေ့တွင် မိုခါ(MOCHA) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့ အနီးကုန်းတွင်းပိုင်းဆီသို့ ဝင်ရောက်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်းနှင့်မုန်တိုင်းဟူသည် မစိမ်းသော်လည်း  အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်မှုသည် ဖြစ်ခေါင့်ဖြစ်ခဲ ကံဆိုးလှသည့် သဘာဝဘေးအန္တရာယ်ပင်ဖြစ်သည်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်သည် ပျက်စီးဆုံးရှုံးမှုများစွာ  ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းပျက်စီးမှု၏ ၉၈ ရာခိုင်နှုန်းရှိသည်။ ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နယ်မှာ မုန်တိုင်းဒဏ်အခံစားရဆုံးဖြစ်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်ခံစားရသည့် မြို့နယ်မှာ စစ်တွေမြို့၏ အနောက်မြောက်ယွန်းယွန်း ၃၇ မိုင်သာ ကွာဝေးသည့် ရသေ့တောင်မြို့နယ်ဖြစ်သည်။

ရသေ့တောင်မြို့နယ်သည်  မြေပြန့်၊ တောင်တန်း၊ မြစ်ချောင်းတို့ဖြင့် သမမျှတစွာ တည်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှု အားနည်းနေသေးသည်။ မုန်တိုင်းကြောင့် ရေငန်ဝင်ရောက်မှုဒဏ်ကိုခံစားရသည့် ကျေးရွာများရှိသကဲ့သို့ လူနေအိမ်များ၊ ပညာရေးအဆောက်အအုံများ၊ လယ်ယာမြေများ၊ မွေးမြူရေးလုပ်ငန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းတံတားများနှင့် လျှပ်စစ်ပေးဝေရေးလုပ်ငန်း၊ သောက်သုံးရေ အခက်အခဲများအစရှိသည့် ကဏ္ဍအများအပြားတွင် ဆုံးရှုံးအထိနာ အခက်အခဲကြုံခဲ့ရသည်။ မြို့နယ်အတွင်းရှိ ပျက်စီးဆုံးရှုံးမှုမှာ ကျပ် ၁၇၀ ဘီလီယံရှိခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးမှုအားလုံး၏ ၃၃ ရာခိုင်နှုန်းပင်ရှိခဲ့သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်သည့် ရသေ့တောင်မြို့နယ်တွင် အိမ်ထောင်စုပေါင်း သုံးသောင်းကျော်တို့ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပြီး လူဦးရေ တစ်သိန်း လေးသောင်းကျော် မုန်တိုင်းဒဏ် ရင်ဆိုင်ခဲ့ရသည်။ မုန်တိုင်းအပြီး ထုတ်ပြန်သည့်အချက်အလက်များအရ ရသေ့တောင်မြို့နယ်အတွင်းမုန်တိုင်းကြောင့် အမျိုးသား ၁၄  ဦးနှင့် အမျိုးသမီး ၂၃ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။

ဆောလျင်စွာသတိပေးခဲ့ နိုင်ငံတော်အစိုးရသည် မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေ မြင့်တက်လာစဉ်မှစ၍ မုန်တိုင်းသတိပေးချက်များကို စောနိုင်သမျှ ဆောလျင်စွာကြိုတင်၍ ထုတ်ပြန်ပေးခဲ့သည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှု ဖြစ်ပွားနိုင်သည့် ဒေသများသို့  အရေးပေါ်ပေးပို့နိုင်ရန် တပ်မတော်သားများ၏ အကူအညီကိုရယူကာ အရန်ဆန်များ ဒေသအလိုက် ကြိုတင်စုဆောင်းခြင်း၊ စားရေရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ၊ အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများအတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ခြင်း၊ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်များအသင့်ပြင်ထားခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင်တွက်ချက်ထားရှိခြင်းနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာများကို လျင်မြန်စွာပို့ဆောင်နိုင်ရန် လေယာဉ်ပေါ်အသင့်၊ ရေယာဉ်ပေါ်အသင့်၊ ရဟတ်ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ်ပေါ်အသင့်အနေအထားတို့ဖြင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ရသေ့တောင်မြို့နယ်မှာ မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်တွင်ရောက်ရှိနေခဲ့သည့်အတွက်  မုန်တိုင်း၏ဒဏ်ကို ကြုံတွေ့ခဲ့ရ သော်လည်း ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ရောက်ရှိနေခြင်း၊ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်မည့် ဘေးကင်းရာ စုရပ်များသို့ အမြန်ပို့ဆောင်နိုင်ခြင်းနှင့်လိုအပ်သည့် စားရေရိက္ခာများကို ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့မှုများကြောင့် အင်အားပြင်း ဆိုင်ကလုန်း၏ အစွမ်းကုန်ဖျက်ဆီးမည့်အန္တရာယ်က  လျော့ပါးခဲ့ပြီး အဖိတ်အစဉ်  အနည်းငယ်သာ  ကြုံရသည်။ သို့တိုင်ပျက်စီးမှုများကား  အတော်ပင်များလှသည်။
မိုခါကြောင့် ဒုတိယပျက်စီးမှုအများဆုံးမြို့နယ်ရသေ့တောင်မြို့နယ်သည်  မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု  ဒုတိယ အများဆုံးမြို့နယ်ဖြစ်ပြီး   ကျေးလက်ကျန်းမာရေး ဌာနပေါင်း ၄၁ ခု နှင့် ဆေးရုံ၊ ဆေးခန်း ၃၃ ခု၊ လူနေအိမ်အဆောက်အအုံ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်း ၁၁၆၀၂ လုံးနှင့် အလုံးစုံပျက်စီးခြင်း ၁၅၈၉၉ လုံး၊ ဌာနဆိုင်ရာရုံးပေါင်း ၂၇ ရုံး၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၃၆ ကျောင်း၊ အထက်တန်းကျောင်း ၂၇ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂၂၅ ကျောင်းတို့ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။ ထို့ပြင် ရေငန်ဝင်ရောက်မှု၊ ရေတွင်း ၁၀ ခု နှင့် ရေကန် ၃၅ ကန်ပျက်စီးမှု၊ တာဝါတိုင် နှစ်တိုင် ပျက်စီးမှု၊ သောက်သုံးရေရရှိမှုနှင့် ဆက်သွယ်ရေးပြတ်တောက်မှု စသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။
မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းထန်သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ခံစားရသည်။ ပုဏ္ဏားကျွန်း-ရသေ့တောင် ၆၆ ကေဗွီအေ မဟာဓာတ်အားလိုင်း ခုနစ်တိုင်နှင့် သုည ဒသမ ၄ ကေဗွီအေ မီးတိုင်များပျက်စီးခဲ့ရသည်။ ဓာတ်တိုင် စုစုပေါင်း ၁၅၆၁ တိုင်ခန့်ပြိုလဲ ခဲ့ပြီး  ထရန်စဖော်မာများပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများ ပြတ်တောက်ခြင်းတို့လည်း  ဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ် အတွင်းရှိ   ရပ်ကွက်လေးခုနှင့် ကျေးရွာ ၄၈ ရွာအတွင်း ၁၁ ကေဗွီဓာတ်အားလိုင်း ၇၀  ဒသမ ၅၆  မိုင်အနက်  ၄၀  ရာခိုင်နှုန်းခန့်၊  ၄၀၀  ဗို့ဓာတ်အားလိုင်း ၆၄ ဒသမ ၇၉ မိုင်ရှိသည့်အနက် ၄၀ ရာခိုင်နှုန်းခန့်နှင့်  ၁၁/သုည ဒသမ ၄ ကေဗွီ ၉၂ လုံးရှိသည့်အနက် ၁၅ ရာခိုင်နှုန်းခန့်မှာ မုန်တိုင်းကြောင့်ပျက်စီးရသည်။

မုန်တိုင်းအပြီး ရက်အနည်းငယ်အကြာ ရသေ့တောင်မြို့နယ် ကျေးရွာများတွင် ပျက်စီးကျိုးပြတ်သွားသည့် မီးတိုင်များ ပြန်လည် တည်ဆောက်ရန် ပထမဆုံးအကြိမ်အဖြစ် ဓာတ်မီးတိုင် ၉၃ လုံးကို တင်ဆောင်လာသည့် ရေဘဝဲ ၄ ရေယာဉ်သည် င/လပြား ဆိပ်ကမ်းကို ဆိုက်ရောက်သည်။မြို့နယ်လျှပ်စစ်မှူးနှင့်  ဝန်ထမ်းများကကရိန်းကားများဖြင့်   မူစဲကျွန်းကျေးရွာသို့ သယ်ဆောင် ကြသည်။ ရွာသူရွာသားများ ဝမ်းသာပျော်ရွှင်၍မဆုံးဘဲ အတူပူးပေါင်း၍ ကူညီကြသည်။ ဝိုင်းဝန်းကူညီခြင်းကြောင့် ဒေသမြန်မြန် ပြန်လည်နာလန်ထူလာခဲ့သည်။

မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်လည်း လယ်ယာ မြေ စုစုပေါင်း ၉၈၉ ဧက၊ စပါးတင်းပေါင်း ၅၄၀၁၃ တင်းနှင့် ပုစွန်မွေးမြူခြင်း ၆၀၉၁ ဒသမ ၉၀ ဧကမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့်အပြင်  ကျွဲ  ၁၇၄၄ ကောင်၊နွား ၄၀၆၁ ကောင်၊ ဝက် ၁၂၄၄ ကောင် တို့အပါအဝင် တိရစ္ဆာန် ၉၇၇၅ ကောင်မှာမုန်တိုင်းဒဏ်ကြောင့်  ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းသို့      ရောက်ခဲ့ရသည်။
စိုက်ပျိုးရေးသုံး လက်တွန်းထွန်စက်များ၊လယ်ယာသုံးစက်ပစ္စည်းများလည်း ဆုံးရှုံးခဲ့ရပြီး ငါးဖမ်းကိရိယာများနှင့် ငါးဖမ်းလှေ ၁၈၉  စင်းခန့်  ပျက်စီးဆုံးရှုံးခဲ့သည်။အနီးကပ်ကြီးကြပ်၍ ပြန်လည်ထူထောင်ရေးစတင်နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  ပိုမိုထိရောက်စွာလုပ်ကိုင်နိုင်ရေးအတွက် မုန်တိုင်းမစဲမီတွင်ပင် တပ်မတော်အရာရှိကြီးများကို ဒေသအလိုက် တာဝန်ပေးအပ်ခဲ့ရာ ရသေ့တောင်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်မျိုးထွန်းအား အနီးကပ်ကြီးကြပ်စေရေး  တာဝန်ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုနှင့်အတူ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် လိုအပ်ချက်များ၊ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် စစ်ရေယာဉ်များ၊ လေယာဉ်များနှင့်ပို့ဆောင်ခြင်း၊ ဒေသအလိုက် ကြိုတင်စုဖွဲ့ထားသောကူညီကယ်ဆယ်ရေးတပ်ဖွဲ့များနှင့် အပျက်အစီးများဖယ်ရှားခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကို နှောင့်နှေးခြင်းမရှိ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ကြခြင်းဖြင့် မိုခါမုန် တိုင်း၏ နောက်ဆက်တွဲအခက်အခဲများစွာ ကို ပြန်လည် တွန်းလှန်နိုင်ခဲ့ခြင်းဖြစ်သည်။

ဖြန့်ဝေပေးအပ်

ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးကော်မတီဝင်များက  မေလ ၁၈ ရက်နေ့မှ  စတင်၍ ရသေ့တောင်မြို့ပေါ်ရှိ ယာယီခိုလှုံရေးစခန်းများဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများသို့လည်းကောင်း၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများအတွက် စားရေရိက္ခာ၊ အဝတ်အထည်နှင့် ထောက်ပံ့ကူညီရေး ပစ္စည်းများဖြစ်သည့် အမိုးသွပ်၊ တာပေါ်လင်လိပ်   စသည်တို့ကိုလည်းကောင်း ဖြန့်ဝေပေးအပ်နိုင်ခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် မြို့ပေါ်နှင့် ကျေးရွာသောက် သုံးရေကန်အချို့တွင် ဆားငန်ရေ ဝင်ရောက် ခဲ့သဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိရာ သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေးအတွက် ရပ်ကွက်များအတွင်း ရေသန့်စင်ကားများဖြင့် သောက်သုံးရေဖြန့်ဝေခြင်း၊ ထို့ပြင် တစ်နာရီလျှင် ရေသန့်စင်နှုန်းဂါလန် ၂၀၀ မှ ၃၀၀ အကြားသန့်စင် ပေးနိုင်သည့် ဆိုလာစနစ် ရေသန့်စင်စက် သုံးလုံး၊ တစ်နာရီလျှင် ဂါလန်၂ ဂါလန်ခွဲမှ ၃ ဂါလန်ခွဲအကြား သန့်စင်ပေးနိုင်သည့် ရေသန့်စင်စက် အလုံး ၉၀ တို့ကို ရက်ပိုင်းဖြင့် ရသေ့တောင်မြို့နယ်အတွင်း တပ်ဆင်အသုံးပြုကာ သန့်ရှင်းသော သောက်သုံး ရေရရှိရန် ပြန်လည်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံတို့   မုန်တိုင်းနောက်ဆက်တွဲ ရောဂါဘယများမှ ကင်းဝေးခဲ့ရသည်။

မေလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်သို့ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိခဲ့ကြပြီး   နယ်မြေခံတပ်မတော်သားများ၊   ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာအဖွဲ့များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍  နေအိမ်များ၊ ရုံးအဆောက်အအုံများ၊   ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီများနှင့် လမ်းများပေါ်သို့  လဲကျနေသည့်သစ်ပင်ပေါင်း ၁၇၀၀ ကျော်ကို ဃ့ငေည ှတေ များဖြင့် ရှင်းလင်းခြင်း၊ ဓာတ်တိုင်များနှင့် အခြားအပျက်အစီးများအား နညါငညန ဃကအအနမ များဖြင့်  ဖြတ်တောက်ရှင်းလင်းခြင်း၊ ပျက်စီးသွားသည့်နေအိမ်၊ အဆောက်အအုံ၊ လမ်း၊ တံတားများ ပြန်လည်တည်ဆောက်ပြုပြင်ခြင်းများကို   စတင်လုပ်ဆောင်ခဲ့သည်။

အခြေခံပညာ၌၉၇ရာခိုင်နှုန်းကျော်ပညာသင်ယူ
ရသေ့တောင်မြို့နယ်အတွင်း  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုတွင် အခြေခံပညာရေးကဏ္ဍ၌ အပ်နှံသူ ၂၇၁၃၇ ဦးရှိခဲ့ကာ တက်ရောက်သူ ၂၆၄၀၀  ရှိခဲ့သဖြင့် အခြေခံပညာအဆင့် သင်ကြားပေးနိုင်မှု ၉၇ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။  ဆရာအင်အား ၁၇၉၃ ဦး၊ ကျောင်းစီမံအင်အား ၁၅၃ ဦးတို့ဖြင့် သင်ကြားပြသစီမံပေးလျက်ရှိသည်။    ရသေ့တောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၂၇ ကျောင်းရှိပြီး ၂၇ ကျောင်းစလုံးပင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော်လည်း ၆၂ ရာခိုင်နှုန်းအထိ ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း   သိရှိရသည်။

မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးမိုဘိုင်းစခန်း ၁၂၃၃ ခုအနက် ၉၀၄ ခုမှာ  ဆက်သွယ်မှုပြတ်တောက် သွားရသည်။ မုန်တိုင်းတိုက်ခတ်ပြီးချိန် မေလ ၁၄ ရက် မွန်းလွဲပိုင်းမှစတင်ကာ Satellite Terminal (B2B) များကို ရသေ့တောင်မြို့အပါအဝင် မြို့အသီးသီး၌ ပို့ဆောင်တပ်ဆင်ပြီး တစ်မြို့လျှင် ဖုန်းလိုင်း လေးလိုင်း ဖြင့် မေလ ၁၄ ရက် ညနေပိုင်းတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်ပေးနိုင်ခဲ့သည့် အတွက်   သတင်းအချက်အလက်များ ပိုမိုရရှိစေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလွယ်ကူခဲ့ရသည်။ ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် သြဂုတ်လ၂ ရက်မှစတင်၍ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ၁၀၀ ရာခိုင်နှုန်း ပြင်ဆင်ပြီးမြောက်ခဲ့သည့်အတွက် ဒေသခံတို့ အတွက် သတင်းအချက်အလက် ဆက်သွယ်ရေးအဆင်ပြေခဲ့ရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုတွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်းသည် ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်တွင် ၁၀၀ ရာခိုင်နှုန်း ဓာတ်အားစတင် ပို့လွှတ်နိုင်ခဲ့သည်။ မုန်တိုင်းအလွန်ကာလ အတွင်း ရသေ့တောင်မြို့နယ်ရှိ ကျေးရွာ များ၌ ပျက်စီးကျိုးပြတ်သွားသော မီးတိုင်များ အစားထိုးလဲလှယ်တပ်ဆင်ရာ၌လည်း ကျေးရွာသူ၊ ကျေးရွာသားများက ဝမ်းပန်းတသာ ဝိုင်းဝန်းကူညီပေးလျက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ ပူးပေါင်းမှုဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ရသေ့တောင်မြို့ပေါ်၌ လျှပ်စစ်မီးများ စတင်အသုံးပြုနိုင်လာသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ခဲ့

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြုံတွေ့ပြီးနောက် ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်စေရေး အတွက် ကျေးလက်ကျန်းမာရေးဌာန ၁၁၀  နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၉၄ ခု တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု များပေးခြင်း၊ ဒေသခံပြည်သူများအား ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ဗဟိုအားဖြည့်အဖွဲ့ လေးဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်များမှ PRT အဖွဲ့ ၂၁ ဖွဲ့၊ အထူးကုဆေးအဖွဲ့ ၁၃ ဖွဲ့နှင့် ဆေးကုသရေးအဖွဲ့ သုံးဖွဲ့နှင့် တိုင်းရင်းဆေးကုသမှုအဖွဲ့တို့အားစေလွှတ်၍   ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးအဖွဲ့များတွင် ဆေးပညာ၊ ခွဲစိတ်ပညာ၊ ကလေး၊ သားဖွား/မီးယပ်၊ အရိုး၊ မျက်စိ/နား/နှာခေါင်း/လည်ချောင်း၊ မေ့ဆေးအစရှိသည့် အထူးကုဆရာဝန်ကြီးများပါဝင်၍ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်အပါအဝင် ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ဘူးသီးတောင်၊  ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ပေါက်တောမြို့နယ်တို့သို့  ကွင်းဆင်းကုသပေးခဲ့သည်။

စိုက်ပျိုးရေးမလစ်ဟင်းစေရ

ရသေ့တောင်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့်မြို့နယ်ဖြစ်ရာ မုန်တိုင်းအလွန် မိုးဦးကျကာလ စိုက်ပျိုးရေး လုပ်ငန်းများ အချိန်မီစတင်နိုင်ရန်အတွက် နိုင်ငံတော်က တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိသည့် မျိုးစပါးတင်း ငါးသောင်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားများသေဆုံးခဲ့ရသဖြင့် စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာပိုင်ဆိုင်မှုမရှိသော တောင်သူများအား စက်မှုလယ်ယာ ဦးစီးဌာနပိုင် Mini Tractor  လေးစီး၊ လက်တွန်းထွန်စက် ခြောက်စီးတို့ကို ငှားရမ်းပေးကာ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးအတွက်ထွန်ယက်နိုင်ရန် တစ်ရာသီ အခမဲ့ငှားရမ်းပေးခဲ့ပြီး တောင်သူများအား  လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုရက်တိုသင်တန်း ကို  ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ထို့ပြင် မြင်းကောင်ရေ ၅၀ ရှိ တစ်ရက်လျှင် ၄ ဧက(ထယ်+ထွန်) ထွန်ယက်နိုင်သည့် ထွန်စက်အစီး ၂၀ ကိုလည်း မယူကမ်းကျေးရွာ ၁၄ စီး၊ မိုးစဲကျွန်း သုံးစီး၊ မြို့မနယ်မြေ သုံးစီးစသည်ဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြင့် ဒေသခံများ၏ စိုက်ပျိုးရေး အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။

မပြောင်းလဲသောအမှန်တရား

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ယခုဆိုလျှင် ဆယ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။  အကယ်၍များ မုန်တိုင်းသတိပေးချက်များကို အချိန်နှောင်းမှ ထုတ်ပြန်နိုင်ခြင်း သို့မဟုတ် ကြိုတင်ကာကွယ်ရေးအစီအမံများ အားနည်းခြင်း သို့မဟုတ် အချိန်မဆိုင်း ကူညီကယ်ဆယ်မှုလုပ်ဆောင်ရန် နှောင့်နှေးခြင်းတို့ ကြုံတွေ့ခဲ့ရပါမူ မိုခါ၏မာယာကြောဝယ် ရသေ့တောင်မြို့နယ်အပါအဝင် မုန်တိုင်းဒဏ်သင့်ဒေသများအားလုံး အလူးအလဲခံစားရပေလိမ့် မည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နောက်ကျခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်းများ ရှိခဲ့ပါကလည်း ပြည်သူများ ပညာသင်ယူရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး အစရှိသည့် ကဏ္ဍမျိုးစုံတို့တွင် အခက်အခဲများစွာဖြင့် နာလန်မထူနိုင်အောင် ရှိပေလိမ့်မည်။

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ချိန်တွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းကာ    ဒေသအတွင်းထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့်   ပြည်သူလူထု အကျိုးစီးပွားမပျက်သုဉ်းရစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။  နိုင်ငံအတွက် စိန်ခေါ်မှုများစွာ ရှိချိန်ဖြစ်သော်လည်း ကျောသား ရင်သားမခွဲခြား    မိမိတို့၏ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းအတူရှူနေကြသူ တိုင်းရင်းသားများအတွက်   ရှိသမျှအင်အားဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အစွမ်းကုန် စာနာထောက်ထားဆောင်ရွက်ပေးခဲ့ခြင်းကို ရသေ့တောင် မြို့နယ်အတွင်းမှ ပြည်သူများ အသိဆုံးပင်ဖြစ်ပါကြောင်း။  

သျှင်မေ